သေဆုံးကျောင်းသားကြောင့် အကြမ်းဖက်မှု မဖြစ်အောင် ရဲတပ်ဖွဲ့ သတိပေး

မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်က နေအိမ်မှာ မောင်ဂွမ်ဆိုင်းအောင်ရဲ့ ရုပ်အလောင်း ပြင်ဆင်ထားတာကို ဇွန်လ ၂၂ ရက်နေ့ က မြင်ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တပ်မတော်သားနှစ်ဦးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျောင်းသားတစ်ဦး သေနတ် ထိမှန် သေဆုံးခဲ့တဲ့ကိစ္စကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေ မဖြစ်ရအောင် ၀ိုင်းဝန်းဆောင် ရွက်ဖို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့ညက တပ်မတော်သားနှစ်ဦးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှာ ကွန်ပျူတာတက္ကသိုလ်ကျောင်း သား မောင်ဂွမ်ဆိုင်းအောင် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဒီကနေ့ မြစ်ကြီးနားမြို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ရဲမှူးကြီးထွန်းဦးက ပြောတာဖြစ်ပါတယ်။

"လူထုရဲ့အသည်းနှလုံးဖြစ်တဲ့ ကလေးသူငယ် ကျောင်းသားတွေကို အသုံးချပြီး မလိုလားအပ်တဲ့ ဘေးပရော ဂတွေကြောင့်မို့ အေးချမ်းတဲ့ ပြည်နယ်ရဲ့ အခြေအနေလေး မပျက်ယွင်းအောင်လည်း ဝိုင်းဝန်းဆောင်ရွက်ကြပါ၊ မနက်ဖြန် အသုဘချတဲ့အခါ ကျနော်တို့လည်း လိုက်ပါပို့ဆောင်ဖို့ ရည်ရွယ်ထားတယ်၊ ဒါက အများစိတ်ဝင်စားတဲ့ အမှုဖြစ်တဲ့အတွက်ကြောင့် မတော်တဆ လူအုပ်စုဆိုတာက အကြောင်းအရာမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သွေးဆူလာလို့ရှိရင် ဆူပူအကြမ်းဖက်သွားတတ်တဲ့အတွက်ကြောင့်မို့ အကြမ်းဖက်တဲ့ အဖွဲ့ အစည်းတွေဖြစ်သွားရင် အကြမ်းဖက်နှိမ်နင်းရတာတွေဖြစ်လာမယ်၊ တခါကျောင်းထုတ်တာတွေဖြစ်လာမယ်၊ မလိုလားအပ်တာတွေ အများကြီးဖြစ်လာမှာဖြစ်တဲ့အတွက်  ဒီအဖြစ်မှန်ကို တရားဥပဒေအတိုင်း ဆက်ပြီးတော့ တိတိကျကျမှန်မှန်ကန်ကန်သွားပြီးတော့ မလိုလားအပ်တာမဖြစ်အောင်လို့ ဝိုင်းဝန်းပြီးကူညီဆောင်ရွက်ပေးပါ"

သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်ရဲ့ ရုပ်အလောင်းကို မနက်ဖြန်မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ညက လူငယ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ကို လူငယ်တစ်စုက နှောင့်ယှက်နေ တယ်ဆိုပြီး ဗလမင်းထင်တံတားမှာ တာဝန်ကျနေတဲ့ တပ်မတော်သားနှစ်ဦးက မြစ်ကြီးနားမြို့ကို လိုက်ပို့ပေးခဲ့ ပါတယ်။

အဲ့ဒီလို လိုက်ပို့ပေးချိန် နောက်ကနေလိုက်လာတဲ့ လူငယ်အဖွဲ့နဲ့ တပ်မတော်သားနှစ်ဦးတို့ မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တပ်မတော်သားတစ်ဦးရဲ့ သေနတ်ကို လုယူချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ဇွန်လ ၂၀ ရက်နေ့ညက အခင်းဖြစ်ပွားချိန်မှာ မျက်မြင်သက်သေတွေ မရှိပေမယ့် အဲ့ဒီအနီးနားမှာ နေသူတစ်ဦးက ရုန်းရင်းဆန်ခတ်ဖြစ်ပွားသံတွေနဲ့အတူ သေနတ်ကိုမလုနဲ့ ဆိုတဲ့ ပြောဆိုသံတွေကြားနေရတယ်လို့ RFA ကို ပြောပါတယ်။

လက်ရှိမှာ တပ်မတော်သားနှစ်ယောက်ကို အမှုဖွင့်စစ်ဆေးနေပြီး မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ရေးသားမှုတွေရှိနေပါတယ်။

မောင်ဂွမ်ဆိုင်းအောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်နန်းအိမ်က အမှုမှန်ပေါ်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးစေချင် တယ်လို့ ပြောပါတယ်။

အဲ့ဒီရုန်းရင်းဆန်ခတ် ဖြစ်ပွားတဲ့နေရာမှာ ဒီနှစ်ဆန်းအတွင်း အုပ်စုဖွဲ့လုယက်မှု ဆယ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ ပြီး မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာလည်း မကြာခဏဆိုသလို လုယက်ရိုက်နှက်မှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။

RFA Burmese
http://www.rfa.org/burmese/
သေဆုံးကျောင်းသားကြောင့် အကြမ်းဖက်မှု မဖြစ်အောင် ရဲတပ်ဖွဲ့ သတိပေး  သေဆုံးကျောင်းသားကြောင့် အကြမ်းဖက်မှု မဖြစ်အောင် ရဲတပ်ဖွဲ့ သတိပေး Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.