ရန်ကုန်မြို့တော်ရှိ သက်တမ်းကြာ မြေအောက်ဓာတ်ကြိုးများကြောင့် လျှပ်စစ်ပြတ်တောက်ခြင်းများဖြစ်ပေါ် လေ့ရှိရာ အဆိုပါမြေ အောက်ဓာတ်ကြိုးများကို အစားထိုးပြင်ဆင်သွားရန်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
မြေအောက်ဓာတ်ကြိုးများ၏ သက်တမ်းမှာ နှစ်ပေါင်း ၈၀၊ ၉၀၊ ၁၀၀ ခန့်ရှိပြီဖြစ်ကြောင်း ယင်းကြိုးများ နေရာတွင် မြေအောက်ဓာတ်ကြိုးအသစ်များ ချထားလဲလှယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးထွန်းကြွယ်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဓာတ်ကြိုးများ၊ မြေအောက်ဓာတ်ကြိုးများကို ပြန်လည် ပြင်ဆင်ရန်လိုအပ်ကြောင်း၊ တည်ဆောက်မှု အားနည်းချက်ကြောင့် မြေအောက်လိုင်းအများစုမှာ စနစ်မကျ ခဲ့ကြောင်း၊ နောက်ပိုင်းတည်ဆောက်မှုများကို ပိုပြီးစနစ်ကျရန်နှင့် ရေရှည်တည်တံ့မည့် အခြေအနေများကို စဉ်းစားရမှာဖြစ်ကြောင်း မြေအောက်လိုင်းတခုခုဖြစ်ပါက ရှာဖွေရခက်ခဲကြောင်း ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
မြေအောက်ကြိုးများပြင်ဆင်ခြင်း၊ ဓာတ်အားလိုင်းများနှင့်မလွတ်သည့် သစ်ပင်များရှင်းလင်းခြင်းတို့ ဆောင်ရွက်စဉ်ကာလအတွင်း လျှပ်စစ်မီးကိုရက်အလိုက်၊ နာရီပိုင်းအလိုက်ဖြတ်တောက်မည်ဖြစ်ပြီး မီးဖြတ်မည့်အချိန်ရက်တို့ကို ရုပ်သံ၊ ရေဒီယို၊ စာနယ်ဇင်းများမှတဆင့် ကြိုတင်အသိပေးပြော ကြားမည်ဖြစ်ကြောင်း အထက်ပါကော် ပိုရေးရှင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်ကထည့် သွင်းပြောကြားခဲ့သည်။ ရန်ကုန်တွင် နှစ် ၅၀ မှနှစ် ၁၀၀ ကြာသက်တမ်း ရှိသော မြေအောက်ဓာတ်ကြိုးအရှည်မှာ ၁၁၃ ဒသမ ၆၄ မိုင်ရှိကြောင်း ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရန်ကုန်မြို့တော်ရှိ သက်တမ်းကြာ မြေအောက်ဓာတ်ကြိုးများ အစားထိုးပြင်ဆင်မည်
Reviewed by THITHTOOLWIN
on
16:33
Rating: