သုံးခွ ရေထိန်းတံခါးများ ယာယီဖွင့် လှစ် ပေးမည်

နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်စုစုလွင် နှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ တို့ သုံးခွမြို့နယ်၊ တကော ရေထိန်းတံခါးအနီး တွင် ဒေသနေ တောင်သူ လယ်သမားများနှင့် တွေ့ဆုံ၊ လယ်ယာ ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ ဆွေးနွေး
ရန်ကုန် ဇွန် ၎

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက် များ ရှိနိုင်ပါကြောင်း၊ အားနည်းချက် များကို နိုင်ငံတော်နှင့်ပြည်သူတို့ ပူးပေါင်း လက်တွဲပြီး အကောင်းဆုံး ဖြေရှင်းသွားကြရ မည်ဖြစ် ပါကြောင်း ယမန်နေ့ နံနက် (၉)နာရီက ရန်ကုန် တိုင်းဒေသကြီး သုံးခွမြို့နယ်၊ တကောကျေးရွာ၊ တကော ရေတံခါးအနီးတွင် ဒေသနေ တောင်သူလယ်သမားများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်က ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ဇနီးက နိုင်ငံတော်အနေဖြင့် တောင်သူလယ် သမားများအကျိုး၊ ပြည်သူများ အကျိုးကိုရှေးရှု၍ ဘက်စုံထောင့်စုံမှ အကောင်း ဆုံး ဖြည့် ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိ ပါကြောင်း၊

ဌာနဆိုင်ရာတာဝန်ရှိသူ ပညာရှင်များအပိုင်းကလည်း ဒေသနေတောင်သူ လယ်သမားများ၏ အကြံပြုချက်၊ တင်ပြချက်များအပေါ် အလေးထား ထည့်သွင်း စဉ်းစားကြပြီး နည်းပညာ အပိုင်းမှ အကောင်းဆုံး ကြိုးစားအဖြေရှာ ကူညီဆောင်ရွက်ပေးကြစေ လိုကြောင်း၊ နိုင်ငံတော် အစိုးရသစ် စတင် တာဝန် ယူသည့် အချိန်မှစ၍ ပြည်သူကိုအကျိုးပြုရန်အတွက် ပြည်သူ တို့၏ လိုအပ်ချက် များအား အကောင်းဆုံးဖြည့်ဆည်း ပေးနိုင်ရေးကို ရည်ရွယ်ပြီး အားထုတ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တောင်သူ လယ် သမားကြီး များ ကလည်း စိတ်တူကိုယ်တူဖြင့် ဝိုင်းဝန်း လက်တွဲ ကူညီ ဆောင်ရွက်ပေးကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒေသနေတောင်သူလယ်သမား ကိုယ်စားလှယ်များက လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တစ်ဦးချင်းဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဤဒေသအတွင်း ကြုံတွေ့နေရသော ရေကြောင်း သွားလာရေး အခက်အခဲ များ၊ ရေကြီးနစ်မြုပ်မှုများ၊ ဆားငံရည် ဝင်ရောက်ခြင်း နှင့် ကမ်းပါး များပြိုကျခြင်းစသည့် ဒေသနေ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ များအပေါ် ဖြေရှင်းကူညီ ပေးနိုင်ရေးအတွက် ကျွမ်းကျင် ပညာရှင် များနှင့် တွေ့ဆုံဆွေးနွေးချက်များအရ ရေတံခါးများ ပြုပြင်ထိန်းသိန်းမှု အားနည်းခဲ့ခြင်း၊ ယခင်ကဆောင်ရွက်ခဲ့သော ရန်ကုန် မြို့တော် မိုင်(၃၀) ဝန်းကျင် စိမ်းလန်း စိုပြည်ရေးစီမံကိန်းလုပ်ငန်းများ အပြီးသတ် မဆောင် ရွက်နိုင် ခဲ့ခြင်း၊ ရေလမ်းကြောင်း ထိန်းသိမ်းရန် လိုအပ် နေခြင်း၊ ဝင်ပေါက်၊ ထွက်ပေါက် ပါရှိသော အဆင့်မြင့်ရေတံခါးများ တပ်ဆင်ရန် လိုအပ်နေခြင်း တို့ ကို တွေ့ရှိရပါ ကြောင်း။

မိမိတို့အစိုးရသစ်အနေဖြင့် လက်ရှိအခြေအနေတွင် ရေတံခါးများ အသစ်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ဒေသနေပြည်သူများ ရေလမ်းကြောင်းအသုံးပြု သွားလာရေး အဆင်ပြေ ချောမွေ့ရန်အတွက် ပိတ်ဆို့ထား သော မူလ တကောချောင်းကို ယာယီဖွင့် လှစ် ပေးမည်ဖြစ်သော်လည်း ရေရှည် တည်တံ့ ခိုင်မြဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်ပေး မည်ဖြစ် ပါကြောင်း၊ ချောင်းကော မြောင်းကောများကြောင့် ဖြစ်ပေါ် နေသည့် ထိခိုက် မှုများနှင့် ရေငန်ဝင်ရောက်မှုကြောင့် လယ်မြေများပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး တို့ အတွက် ဒေသတစ်ခုလုံး၏ အခြေအနေပေးမှုများကို ခြုံငုံသုံးသပ်ပြီး ဒေသနေပြည်သူများအတွက် အကောင်းဆုံးနှင့် အကျိုး အရှိ ဆုံးဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း ဆွေးနွေးပြောကြား သည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တိုင်း / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူ လယ်သမားများ တက်ရောက်ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သုံးခွ ရေထိန်းတံခါးများ ယာယီဖွင့် လှစ် ပေးမည်  သုံးခွ ရေထိန်းတံခါးများ ယာယီဖွင့် လှစ် ပေးမည် Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.