ပျောက်ဆုံးနေသော နမ့်ခမ်းမြို့နယ် မန်အောင်ရွာသားနှစ်ဦး လည်ပင်း၌ ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိ


မားနဂါး | လားရှိုး။

၂ဝ၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာနေ တားညီစံကားနှင့် ယာအီပူ၏ သားဖြစ်သူ မိုင်း ညီဇားဝင်း(ခ) ညီပါ့ အသက် ၃၄ နှစ်နှင့် တာလုမ်စုမ်၏ သားဖြစ်သူ မိုင်းအိုက်ထွန်းဦး အသက် ၃၃ နှစ်တို့ နှစ်ဦးအား လည်ပင်းတွင် ဓားခုတ်ဒဏ်ရာဖြင့် နောင်အန်ကျေးရွာ အောက်နား တောတွင်းတနေရာ၌ ဇွန်လ ၃ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရပါသည်။

ဖြစ်စဉ်မှာ အဆိုပါ မန်အောင်ရွာသားနှစ်ဦးသည် ၂ဝ၁၆ ခု ဇွန်လ ၁ ရက် ညအချိန်တွင် နောင်အန်ကျေးရွာတွင် တရားပွဲမှ အပြန်တွင် RCSS/SSA တပ်ဖွဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၎င်းတို့နှစ်ဦး၏ အလောင်းအား ဇွန်လ ၃ ရက်တွင် ကျေးရွာအောက်နား တောတွင်းတစ်နေရာမှ ရှာတွေ့ခဲ့ပြီး ရှမ်းတပ်ဖွဲ့က သတ်ပစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ အလောင်းများအား သွားရောက်သယ်ဆောင်ခဲ့သူ တစ်ဦးက ပြောပါသည်။

အမည်မဖော်လိုသူ မန်အောင်ဒေသခံ တစ်ဦးက “သူတို့နှစ်ယောက်ရဲ့ အလောင်းကို ရှာတွေ့ပါပြီ။ နှစ်ယောက်လုံးရဲ့ လည်ပင်းမှာ ဓားနဲ့ ခုတ်ထားတာကို တွေ့ရပါတယ်။ လည်ပင်းကတော့ မြင်မကောင်းအောင် ခုတ်ထားတယ်။ တစ် ခြား ဒဏ်ရာတော့ မတွေ့ပါဘူး။ ဘာလို့ RCSS က လုပ်တာလဲလို့ ပြောရတာလဲ ဆိုတော့ အဲညမှာပဲ နောင်အန်ရွာမှာ သူ တို့ တပ်ဖွဲ့တွေ ဖြတ်သွားတာကို ရွာသားတွေ ကိုယ်တိုင်တွေ့ခဲ့ပါတယ်” ဟု ပြောဆိုပါသည်။

အဆိုပါ အလောင်း ၂ လောင်း တွေ့ရှိကြောင်းကို နမ့်ခမ်းမြို့ တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တစ်ဆင့် သက်ဆိုင်ရာ ရဲစခန်းဆီသို့ အကြောင်းကြားထားကြောင်း သိရသည်။

မိုင်းညီဇားဝင်းနှင့် မိုင်းအိုက်ထွန်းဦးတို့နှစ်ဦးပျောက်ဆုံးသည့် ည ၈ နာရီဝန်းကျင်တွင် သေနတ်ကိုင်ဆောင်ထားသည့် အင်အား ၅ဝ ဝန်းကျင်ရှိ ရှမ်းတပ်ဖွဲ့များသည် ဒေသခံတစ်ဦးအား နောင်အန်ကျေးရွာအတွင်း မည်သည့်တပ်များ ရှိသည်ကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ခဲ့သည်ဟု သိရပါသည်။

နောင်အန်ကျေးရွာဒေသခံတစ်ဦးက “သူတို့ (RCSS/SSA) က ရွာက လူတစ်ယောက်ကို အဲ့ညမှာ စစ်ဆေးတယ်။ ဒီ ရွာမှာ တအာင်း၊ ရှမ်း၊ ဗမာ၊ ပြည်သူ့စစ်တွေ ရှိလား၊ ပြီးတော့ တအာင်းစစ်တပ်ထဲ ဝင်တဲ့ မိသားစုတွေရဲ့ အိမ်ကို သိလား ဆိုပြီးတော့ မေးမြန်းတာပါ။ ၃ ယောက်မေးတာ ၂ ယောက်က ရှမ်းစကားနဲ့ မေးတယ်။ ကျန်တဲ့တစ်ယောက်က ဗမာလိုမေးတယ်။ ဒါပေမယ့် ဗမာတော့ မဖြစ်နိုင်ဘူး အသံနားထောင်ရတာ ဝဲနေတယ်။ တိုင်းရင်းသား ဖြစ်နိုင်တယ်။ သူ့ကို ဖမ်းချုပ်မယ် လုပ်သေးတယ် သူက ပြေးထွက်သွားလို့ အဖမ်း မခံလိုက်ရဘူး” ဟု ဇွန်လ ၃ ရက်တွင် ပြောပါသည်။

ဆက်လက်ပြီး နမ့်ခမ်းမြို့ ခဝါချက်အုပ်စု နောင်အန်ကျေးရွာသို့ သွားသည့် ဖြတ်လမ်း အကွေ့ တစ်နေရာ (ဘုန်းကြီးကျောင်းအောက်) ၌ ၂ဝ၁၆ ခုနှစ် ဇွန်လ ၂ ရက် နံနက်အချိန်တွင် လက်လုပ်မိုင်းတစ်လုံးကို ဒေသခံများက တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာကို အ ကြောင်းကြားကာ ဖောက်ခွဲခဲ့ပြီး ၂ ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း အဆိုပါအနီးအနား လက်ဖက်ခြံလူသွားလမ်းတွင် လက်လုပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

လက်လုပ်မိုင်းတွေ့ရှိခဲ့သူ မိုင်း x x x က “မနက် ၇ နာရီဝန်းကျင် နောင်အန်ရွာတက်တဲ့ ဖြတ်လမ်း အကွေ့ တနေရာရောက်တော့ တစ်လံလောက်အကွာမှာပဲ ဆိုင်ကယ်မောင်းတဲ့သူက တွေ့လိုက်တော့ ဆိုင်ကယ် ရပ်လိုက် တယ်။ နောင်အန်ဘုန်းကြီးကျောင်းနဲ့ ကိုက် ၂ဝဝ လောက်ပဲ ရှိမယ် မဟုတ်ရင်တော့ အဲမှာကတည်းက ပြီးပြီ။ စာပေ အဖွဲ့ကနေတစ်ဆင့် ဌာနဆိုင်ရာကို ပြောပေးဖို့ ဖုန်းဆက်လိုက်တယ်။ ဖုန်းဆက်တော့ လာဖြုတ်ပေးမယ် ပြောတယ်။ ၄ နာရီ လောက်မှပဲ တက်လာတယ် ဖြုတ်လဲ မဖြုတ်ရဲဘူး ခွဲလိုက်လေလို့ ပြောလိုက်တော့ အပေါ်ကနေ ဆိုင်ကယ်တာ ယာကို လှိမ့်ချလိုက်တာ လမ်းမှာသွယ်တဲ့ကြိုးပေါ်တက်ထိမိတော့ ပေါက်ကွဲသွားတယ်” ဟု ဇွန်လ ၃ ရက်တွင် ပြောပါသည်။

“ညနေ ၆ နာရီဝန်းကျင်မှာ လက်ဖက်ခြံနားလေးမှာလဲ နောက်တစ်လုံး ထောင်ထားတာ ထပ်တွေ့တယ်။ အဲဒါလဲ လူသွားလမ်းပဲ ကလေးတွေက တွေ့တော့ လူကြီးတွေကို ပြန်သွားပြောတယ်။ ချုံပုတ်ထဲမှာ ထည့်ထားတယ် ကြိုးက လက်ဖက်ပင်ပေါ် ချည်ထားတယ်။ အခုလိုဖြစ်တော့ စိုးရိမ်ရတာပေါ့ လက်ဖက်ခူးတဲ့အချိန်လဲ ပြန်ဖြစ်တော့ ခုဆို ဘယ်သူမှ မသွားရဲတော့ဘူး လယ်တွေဘက်လဲ သိပ် မသွားရဲတော့ဘူး။ တအာင်းလူထုတွေအတွက် အစိုးရအနေနဲ့ နယ်မြေလုံခြုံရေးဆိုပြီး ကွင်းဆင်းတယ် လှည့်ပတ်တယ် အဲဒါက ပြည်သူအတွက်လားဆိုတာ ပြည်သူအနေနဲ့ မေးခွန်းထုတ်ချင်ပါတယ်။ တောထဲဆိုလည်း ဘယ်သူမှ သိပ်မသွားရဲဘူး ဒီရာသီရောက်မှ လက်ဖက်၊ လယ်တွေကို ကျနော်တို့ လုပ်နေတယ် ဆိုတာကို သူတို့က သိသိကြီးနဲ့ လုပ်နေတာလားပေါ့” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ဇွန်လ ၁ ရက်တွင်လည်း RCSS/SSA ထောင်ထားသည့်မိုင်း နင်းမိ၍ ကြူဆိုင်းရွာသားတစ်ဦးဖြစ်သူ မိုင်းလုမ် အောင်ကြည်သည် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

The Marnagar Journal
ပျောက်ဆုံးနေသော နမ့်ခမ်းမြို့နယ် မန်အောင်ရွာသားနှစ်ဦး လည်ပင်း၌ ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိ  ပျောက်ဆုံးနေသော နမ့်ခမ်းမြို့နယ် မန်အောင်ရွာသားနှစ်ဦး လည်ပင်း၌ ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.