ဒဂုံတောင်မြောက်လမ်းဆုံအနီးတွင် ယာဉ်ရောင်းဝယ်ရေး စခန်းကြီး တစ်ခုကို တည်ဆောက်တော့မည်


ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိယာဉ်ရောင်းဝယ်ရေး စခန်းများကို ဖျက်သိမ်းပြီး ယာဉ်ရောင်းဝယ်ရေးစခန်းကြီး တစ်ခုတည်ဆောက်၍ ရောင်းဝယ်ခွင့် ပြုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေး အသင်း(ရန်ကုန်)ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ တစ်နိုင်တစ်ပိုင် ယာဉ်ရောင်းဝယ်ရေးစခန်း ၁၇ ခုကိုဖျက်သိမ်းကာ ဒဂုံတောင်/မြောက် လမ်းဆုံအနီး မြေ ၂၅ ဧက အကျယ်အ၀န်းတွင် စုစည်းပေးမည်ဖြစ်ပြီး အဆိုပါနေရာတွင်သာ ယာဉ်ရောင်းဝယ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်နိုင်တစ်ပိုင် ရောင်းဝယ်ရေးစခန်းအနေနဲ့ ရန်ကုန်မြို့ဧရိယာမှာ ၁၇ ခုရှိပါတယ်။ အဲဒီယာဉ် ရောင်းဝယ်ရေးစခန်း ၁၇ ခုလုံး ဖျက်သိမ်းမှာပါ။ အခုဆောက်မယ့် ယာဉ်ရောင်းဝယ်ရေးစခန်းကြီးရဲ့ နေရာကတော့ ဒဂုံတောင်မြောက်လမ်းဆုံနားမှာပဲ ဆောက်မှာပါ၊ နေရာအတိအကျ မပြောထားဘူး။ နေရာလုမှာစိုးလို့တဲ့။ ၀န်ကြီးချုပ်ကိုယ်တိုင် ၂၅ ဧက ချထားပေးပြီးသားပါ။ Showroom တွေတော့ မပါဘူး။ တစ်နိုင်တစ်ပိုင် ရောင်းဝယ်ရေးစခန်း အကုန်လုံးပြောင်းရမယ်” ဟု မြန်မာနိုင်ငံ မော်တော်ကား ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကပြောသည်။

လက်ရှိ အသစ်ဆောက်လုပ်မည်ဖြစ်သော ယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်ရောင်းဝယ်ရေးစခန်း ၁၇ ခုမှ ကိုယ်စားလှယ်များကို မေ ၁၅ ရက်တွင် တိုင်းဒေသကြီးအစိုးရရုံးသို့ ခေါ်ယူကာ အဆိုပါစခန်း ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ သဘောတူညီမှုများ တောင်းယူခဲ့ကြောင်းလည်း သိရသည်။

“အဲဒီနေ့က ယာဉ်ရောင်းဝယ်ရေးစခန်းက ကိုယ်စားလှယ်တွေ အကုန်ပါတယ်လေ။ ဆွေးနွေးခဲ့တာကတော့ တစ်လလောက် ရှိပါပြီ။ နေရာအတည်ပြုပြီးသားပါ၊ တိုင်းဒေသကြီးအစိုးရကပဲ အိမ်သာတို့၊ နားနေဆောင်တို့၊ လျှပ်စစ်မီးတို့ လုပ်ရဦးမှာဆိုတော့ မိုးကုန်လောက်မှပဲ ဒီလုပ်ငန်းကို စလို့ရမယ်ထင်တယ်” ဟု ဦးအောင်သန်းဝင်းက ဆက်ပြောသည်။

အဆိုပါ ယာဉ်ရောင်းဝယ်ရေးစခန်း တည်ဆောက်ပြီးပါက တိုင်းဒေသကြီအစိုးရနှင့် ယာဉ်ရောင်းဝယ်ရေးစခန်းမှ တာဝန်ရှိသူများ ပူးပေါင်းကာ ကြီးကြပ်ကွပ်ကဲမည်ဖြစ်ပြီး အခြားနေရာများတွင် ရောင်းဝယ်ခွင့်ပြုမည် မဟုတ်ဘဲ ရောင်းဝယ်ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“အခုလိုမျိုး ယာဉ်ရောင်းဝယ်ရေး စခန်းကြီးလုပ်မယ်ဆိုတာ ကောင်းပါတယ်။ မော်တော်ကားတွေ ၀ယ်ဖို့အတွက် လိုက်ပတ်ရှာစရာ မလိုတော့ဘူး။ တစ်နေရာတည်းမှာ စုံစုံလင်လင်နဲ့ ကြည့်လို့ရပြီး ကားဈေးနှုန်းတွေလည်း မဟတော့ဘူးပေါ့။ ကားလာကြည့်တဲ့ လူတွေကတော့ တော်တော်ဝေးဝေး လာကြည့်ရလိမ့်မယ်။ ကောင်းတာကတော့ မြို့တွင်းမှာ ကားချောင်သွားလိမ့်မယ်။ မနက်ဆိုရင် ကားတွေ လာသွင်းတယ်။ ညနေဆိုရင် ကားတွေ လာထုတ်တယ်။ အဲဒါနဲ့တင် ကားလမ်းတွေ ပိတ်နေတယ်” ဟု အလုံမြို့နယ်တွင် နေထိုင်ကာ ကားရောင်းဝယ်ရေး လုပ်ကိုင်နေသော ကိုဖြိုးမင်းကပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဖျက်သိမ်းပြီး မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း၊ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် သီရိမင်္ဂလာဈေးသစ်သို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ဒဂုံတောင်မြောက်လမ်းဆုံအနီးတွင် ယာဉ်ရောင်းဝယ်ရေး စခန်းကြီး တစ်ခုကို တည်ဆောက်တော့မည်   ဒဂုံတောင်မြောက်လမ်းဆုံအနီးတွင် ယာဉ်ရောင်းဝယ်ရေး စခန်းကြီး တစ်ခုကို တည်ဆောက်တော့မည် Reviewed by THITHTOOLWIN on 15:56 Rating: 5
Powered by Blogger.