တောင်သူတွေစိုက်စားရိတ် အကြွေးမဆပ်နိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ဇွန်လ ၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းနေစဉ်။ Photo: Win Naung Toe/ RFA
အရင်အစိုးရလက်ထက် သမ၀ါယမဝန်ကြီးဌာနက တရုတ်နိုင်ငံ China Exim ဘဏ်ကနေ ဒေါ်လာ သန်း ၁၀၀ ချေးပြီး တောင်သူတွေကို ထုတ်ပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို တောင်သူတွေ ဖက်က ၆ လတစ်ကြိမ် ပြန်လည်ပေးဆပ်ဖို့ အခက်အခဲရှိနေတာကြောင့် တစ်နှစ်တစ်ကြိမ် ပေးဆပ် ခွင့်ပြုဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက လွှတ်တော်မှာ တင်ပြမေးမြန်းခဲ့ပါတယ်။

ရှမ်းပြည်နယ် နမ္မတူမြို့နယ်က တောင်သူတွေဟာ ချေးငွေ ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် တခြားကနေ အတိုးကြီးကြီးနဲ့ ယူပြီး ပေးနေရကြောင်း သမ၀ါယမအသင်းပိုင်ငွေနဲ့ အစားထိုးပြီး အကြွေးဆပ်ပေးထားဖို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က တင်ပြခဲ့ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ က China Exim ဘဏ်နဲ့ ချုပ်ဆိုထားတဲ့ စည်းကမ်းချက်တွေအရ အစိုးရအနေနဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို တစ်နှစ်အတွင်း ဇန်န၀ါရီလမှာ တစ်ကြိမ် ဇူလိုင်လမှာတစ်ကြိမ် တောင်သူတွေက ပေးသွင်းရတာဖြစ်ပါတယ်။ တစ်ရာသီသာ စိုက်ပျိုးနိုင်တဲ့ ရှမ်းပြည်နယ်က တောင်သူတွေအတွက် ဇူလိုင်လမှာ ပေးသွင်းရမယ့်အချိန်ဆိုရင် အခက်အခဲတွေ ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းခမ်းအေးက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ တရုတ်နိုင်ငံ China Exim ဘဏ်ကနေ အရင်သမ၀ါယမ ၀န်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူပြီး လယ်သမားတွေကို တစ်ဧကအတွက် ငွေကျပ် တစ်သိန်းနှုန်းနဲ့ ထုတ်ချေးခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဟာ ဒီနှစ်စိုက်ပျိုးရာသီမှာ တောင်သူတွေကို ချေးငွေတိုးချေးပေးနိုင်ဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ငွေကျပ် ဘီလီယံ ၅၀၀ ချေးယူ မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တောင်သူတွေစိုက်စားရိတ် အကြွေးမဆပ်နိုင်  တောင်သူတွေစိုက်စားရိတ် အကြွေးမဆပ်နိုင် Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.