ထီးပြင်၊ ဖိနပ်ချုပ် လင်မယား ဆွဲကြိုးဖြတ် လုယက်ခံရ


မြိတ်မြို့တွင်း မြိတ်တောင်ရပ်ကွက်ရှိ သီဟဇေယျာဈေးကြီး အပြင်ဘက်တွင် တွန်းလှည်းဖြင့် ထီးပြင်၊ ဖိနပ်ချုပ်လုပ်ကိုင်နေသည့် လင်မယားထံမှ CLICKi၂၀၁၆ အမျိုးအစား အဖြူရောင် ဆိုင်ကယ်စီး သမားက ကာလ ပေါက်ဈေး (၈)သိန်းဝန်းကျင်ခန့် တန်ဖိုးရှိ ဆွဲကြိုးကို ဖြတ်ယူလုယက်သွားကြောင်း သိရသည်။

ဇွန် (၂၁)ရက်မွန်းတည့် (၁၂)နာရီခန့်တွင် ထီးပြင်၊ ဖိနပ်ချုပ်သမား၏ ဇနီးသည်ဆိုင်ကို ကျော ပေး၍ရပ်လျက်ရှိစဉ် ဆိုင်ကယ်စီး သမားရောက်ရှိ လာပြီး နောက်ကျောဘက်မှနေ၍ ဆွဲကြိုးကို ဖြတ်ယူလု ယက် သွားခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူ ဦးမြင့်စန်းကဆိုသည်။

“ ဆွဲကြိုးဖြတ်ပြေးတယ်လို့ အော်သံကြားတော့ကျွန်တော့်မိန်းမရဲ့အော်သံမှန်း ပထမကမသိဘူး။ ဈေး လမ်းဆိုတော့ လူကရှုပ်နေတယ်။ဒါပေမယ့် ကျွန်တော်ကလည်း လိုက်တော့လိုက်သေးတယ်။မမှီတော့ဘူး” ဟု ၎င်းကပြောသည်။

ဆွဲကြိုးလုယက်ခံရမှုအခြေအနေကိုဈေးအနီးပတ်ဝန်းကျင်မှ မြင်တွေ့လိုက်ကြသော်လည်း အဆိုပါ ဆိုင်ကယ်စီးသမားလုယက်သူကိုမူ တားဆီးနိုင်ခြင်းမရှိဟု သိရသည်။

ဖိနပ်ချုပ်သမားဦးမြင့်စန်းမှာ ငယ်စဉ်က ဆေးထိုးမှား၍ ခြေတစ်ဖက်မသန်သဖြင့် ဆိုင်ကယ်စီးဆွဲကြိုးဖြတ်သူကို မြင်လိုက်ရသော်လည်း ထွက်ပြေးသွား သည်ကိုသာ ကြည့်နေလိုက်ရ သည့်အခြေအနေပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ ဆွဲကြိုးလုသွားတဲ့သူက ပုပု၀၀နဲ့ အသက်(၄၀)လောက်ပါ။ပြန်ရနိုင်ဖို့တော့ လမ်းမမြင်ပါဘူး။ဒါပေမယ့် ကိုယ့်လိုမျိုးအခြား သူတွေ မဖြစ်စေချင်ဘူး။ ဒါကိုနမူနာအဖြစ်သတိထားစေချင်ပါတယ်”ဟုဆွဲကြိုးလုယက်ခံရ ခြင်းနှင့် ပတ်သက် ၍ ၎င်းကသတိပေးစကားပြောဆိုခဲ့သည်။

လက်လုပ်၊ လက်စားသမားတစ်ဦး အနေဖြင့် (၁)ကျပ်သားဆွဲကြိုးတစ်ကုံးရရှိရန် တစ်မူးသား၊ တစ်မတ်သားမှစ၍ ကျစ်ကျစ်ကုတ်ကုတ်စုဆောင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထီးပြင်ဖိနပ်ချုပ်လုပ်ငန်းကို ၎င်းဈေးအ နီးတွင် လုပ်ကိုင်နေခဲ့သည်မှာ (၅)နှစ်ခန့်ကြာခဲ့ပြီဟုသိရသည်။

ဆွဲကြိုးဖြတ် လုယက်ခံရမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခြင်း မပြုကြောင်း ဦးမြင့်စန်းကဆိုသည်။

ကိုညီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ထီးပြင်၊ ဖိနပ်ချုပ် လင်မယား ဆွဲကြိုးဖြတ် လုယက်ခံရ  ထီးပြင်၊ ဖိနပ်ချုပ် လင်မယား ဆွဲကြိုးဖြတ် လုယက်ခံရ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.