တောင်ဒဂုံမှ ယာဉ်လိုင်းအားလုံးကို ခရီးသည် ၂၄ဝ က စုပေါင်းလက်မှတ်ထိုးတိုင်ကြား


ရန်ကုန် ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးကို ဒေသခံခရီးသည် ၂၄ဝ တို့က စုပေါင်း လက်မှတ်ထိုး တိုင်ကြားလာ သောဖြစ် ရပ်တစ်ခု ယခုလအတွင်းကြုံတွေ့ခဲ့ကြောင်း ဇွန် ၂၂ ရက်တွင် ကျင်းပသော မထသ(ဗဟို) မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

အဆိုပါမြို့နယ်အတွင်း ပြေးဆွဲနေကြသော ခရီးသည်တင်ယာဉ်လိုင်းများသည် သတ်မှတ်ထားသော နှုန်းထားထက်ပိုမိုသည့် ယာဉ်စီးခကိုကောက်ခံခြင်း၊ ရိုင်းပျစွာပြောဆိုဆက်ဆံလာခြင်း၊ ခရီးသည်များကိုယာဉ်ပေါ်မှဆွဲချခြင်း၊ သတ်မှတ်မှတ်တိုင်နေရာတွင်မရပ်ခြင်း၊ မဆင်မခြင်ပြိုင်ဆိုင်မောင်းနှင်ခြင်း၊ မီးပွိုင့်များ၏ အချက်ပြမှုစနစ်အပေါ် မလိုက်နာဘဲ အန္တရာယ်ဖြစ်လောက် အောင်မောင်းနှင်ခြင်းစသော အချက်များအပါအဝင် တိုင်ကြားလာခြင်းမျိုး ဖြစ်ကြောင်း မထသ(ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့က ပြောသည်။

ထိုတိုင်ကြားစာသည် ယခုလ ၇ ရက်တွင် ရောက်ရှိလာကြောင်း၊ ၈ ရက် မှစတင်၍ ယာဉ်လိုင်းဆိုင်ရာကော်မတီအသီးသီးနှင့် ဆွေးနွေးဆောင်ရွက် ခဲ့ကြောင်း၊ အထူးစစ်အဖွဲ့များနှင့် စစ်ဆေးစဉ် တွေ့ရှိဖမ်းမိရသောအပြစ်များ အတွက်လည်း သတ်မှတ်ချက်နှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း၊ အရေးယူ မှုပြုလုပ်နေသည့်ကြားက ဖောက်ဖျက်မှုများရှိနေသေးကြောင်း ၎င်းက ရှင်းပြ သည်။ လက်ရှိအချိန်တွင်အဆိုပါ တိုင်ကြားစာနှင့်ပတ်သက်၍ မထသ၏ ကြပ်မတ်ဆောင်ရွက်မှုအခြေအနေများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားလျက်ရှိကြောင်းသိရသည်။

''အရေးယူမှုက ထိရောက်တယ်၊ မထိရောက်ဘူးဆိုတာက လိုက်နာတဲ့ သူအပေါ်မှာမူတည်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင်လူသတ်မှုကျူးလွန်လို့ ထောင်ဒဏ်နှစ်အများကြီးချတာကို မထိရောက်ဘူးလို့ ပြောလို့မရပါဘူး။ ဒါပေ မယ့်လည်း လူသတ်မှုတွေက ဖြစ်ပွားနေဆဲပါ''ဟု မထသ(ဗဟို) အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

ခရီးသည် ၂၄ဝ က စုပေါင်းလက်မှတ်ထိုးတိုင်ကြားမှုသည် ယခုနှစ် အတွင်း ထူးခြားစွာဖြစ်ပေါ်ခဲ့ပြီး အချို့သောခရီးသည်များမှာ မိမိတို့မကျေနပ်မှု များဖြစ်သော်လည်း အလုပ်ရှုပ်မည်ကိုစိုးခြင်းကြောင့်လည်းကောင်း၊ တိုင်သော်လည်း ထိရောက်မှုမရှိ ဖြစ်မည်ကိုစိုးရိမ်ခြင်းကြောင့်လည်းကောင်း တိုင်ကြား ခြင်း မပြုကြသူများစွာလည်းရှိနေကြောင်း သိရသည်။

ထိုဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းတွင် စီးတီးဘတ်စ် ၂၃၉ စီး၊ မီနီဘတ်စ် အစီး ၂ဝ၊ ဘီအမ် ၁၄၃စီး၊ ဒိုင်နာ ၁ဝ၆ စီးတို့အပါအဝင် ယာဉ်လိုင်း ပေါင်း ၁၉ လိုင်းမှ ယာဉ်စီးရေပေါင်း ၅ဝ၈ စီး အခြေပြုပြေးဆွဲနေပြီး စီးတီး ဘတ်စ် ၇၉ စီး၊ ဒိုင်နာ ၃၃ စီးတို့ အပါအဝင် ယာဉ်လိုင်းပေါင်း ခြောက်လိုင်းမှ ယာဉ်စီးရေ ၁၁၂ စီးတို့က ဖြတ်သန်းပြေးဆွဲနေလျက်ရှိသည်။ မထသ (ဗဟို)မှ ကော်မတီဝင်များ လိုက်ပါဆောင်ရွက်သည့် အထူးစစ်ဆေးရေးအဖွဲ့ ၁၆ဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ရာတွင် ၂ဝ၁၆ခုနှစ် မေလကုန်အထိ ခရီးသည်တင်ယာဉ် စီးရေပေါင်း ၁၃၆၆၅ စီးကို စစ်ဆေးနိုင်ခဲ့ကာ စည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူလိုက်သောယာဉ် ၃၆၈၆ စီးရှိခဲ့ကြောင်းလည်း သိရသည်။

(စနိုး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်ဒဂုံမှ ယာဉ်လိုင်းအားလုံးကို ခရီးသည် ၂၄ဝ က စုပေါင်းလက်မှတ်ထိုးတိုင်ကြား  တောင်ဒဂုံမှ ယာဉ်လိုင်းအားလုံးကို ခရီးသည် ၂၄ဝ က စုပေါင်းလက်မှတ်ထိုးတိုင်ကြား Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.