ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မှာအလုပ်သမားတွေနဲ့ တွေ့ဆုံမည်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့က တလေထိုင်းခန်းမမှာ လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲကို နိုင်ငံကူးလက်မှတ်နဲ့ ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေကိုသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

တလေထိုင်း ခန်းမဟာ လူ ၅၀၀ လောက်သာဆံ့တဲ့အတွက် ခန်းမအပြင်မှာ LED တီဗီဖန်သားပြင်နဲ့ ပြသသွားမှာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ၀ိုင်းဝန်းစီစဉ်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသား များအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးအကူအညီပေးနေတဲ့ အဖွဲ့ ၁၃ ဖွဲ့ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အလုပ်သမားတွေ တွေ့ဆုံနိုင်ရေး အဆင်ပြေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပြီး လုံခြုံရေးကို ထိုင်းအစိုးရက တာဝန်ယူမှာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ညနေပိုင်းမှာ ကျင်းပမှာဖြစ်ပြီး တက်ရောက်လာသူတွေအနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ရိုက်တင်ပြခွင့် ဒါမှမဟုတ် စာနဲ့ရေးသား မေးမြန်းခွင့်တွေ ရရှိနိုင်ကြောင်းလည်း ပြောပါတယ်။

၂၀၀၈ ခုနှစ်ကစပြီး မြန်မာနဲ့ ထိုင်းအစိုးရတို့ကြား အလုပ်သမားတင်သွင်းခွင့် နားလည်မှုစာချွန်လွှာ MOU စနစ်ဟာ ကြားပွဲစားတွေကြောင့် အလုပ်သမားတွေ ထိခိုက်နစ်နာနေတဲ့အတွက် MOU စနစ်ကို ရပ်ဆိုင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုမယ်လို့လည်း ဦးကျော်သောင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄ သန်းလောက်ရှိနေပြီး တရားဝင် မှတ်ပုံတင်ပြီး အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၂ သန်း နီးပါး ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်ကလည်း မဟာချိုင်မြို့မှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အန်အယ်လ်ဒီ အစိုးရသစ် တာဝန်ယူပြီး ဒုတိယမြောက် နိုင်ငံခြား ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီတကြိမ် ခရီးစဉ်ဟာ ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့မှာ ထိုင်းအစိုးရ၀န်ကြီးချုပ်အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မှာအလုပ်သမားတွေနဲ့ တွေ့ဆုံမည်  ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မှာအလုပ်သမားတွေနဲ့ တွေ့ဆုံမည် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.