ကိုရီးယားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး လုယက်ခံရမှုကို ခိုက်ရန်ဖြစ်ပွားမှုဖြင့် အမှုဖွင့်ခံရ


တောင်ကိုရီးယားနိုင်ငံ၊ ဂင်ဟဲမြို့ရှိ Nonghyup Bank တွင် မြန်မာ အလုပ်သမားတစ်ယောက် ငွေထုတ်နေစဉ် လုယက်ခံရမှုကို ကိုရီးယား ရဲတပ်ဖွဲ့က ခိုက်ရန်ဖြစ်ပွားမှုဖြင့် အမှုဖွင့်ထားသောကြောင့် မြန်မာအဖွဲ့များနှင့် ပူးပေါင်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံမှ မြန်မာ
အလုပ်သမားသံအရာရှိ ဦးတင်ဝင်းထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၂ ရက်၊ ည ၁၀း၀၀ နာရီခန့်က ဂင်ဟဲမြို့ Nonghyup Bank တွင် မြန်မာအလုပ်သမားတစ်ဦး ငွေထုတ်နေစဉ် အရက်သောက်သုံး ထားသော ကိုရီးယားနိုင်ငံသားသုံးဦးက အနောက်မှဝင်၍ လည်ပင်းညှစ်ခဲ့ပြီး လက်သီးဖြင့်ထိုးကာ ၎င်း၏ဖုန်းနှင့် ပိုက်ဆံအိတ်ကိုလုယူခဲ့ကြောင်း သိရသည်။

“လုယက်ခံရတဲ့ မြန်မာအလုပ်သမားက ရဲစခန်းမှာအမှုဖွင့်ထားတယ်။ ကျွန်တော်တို့လည်း လိုအပ်တာကူညီပေး ဖို့ လုပ်ဆောင်နေပါတယ်။ ဒီအမှုပေါ်မှာ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ရမလဲ ဆိုတာ စောင့်ကြည့်နေပါတယ်။ လိုအပ်ရင်လိုအပ်သလို ပါဝင်ရမှာပေါ့ဗျာ”ဟု ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးတင်ဝင်း က ပြောသည်။

၎င်းတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ် ကိုရီးယားရဲရောက်ရှိလာပြီး ကိုရီးယားနိုင်ငံသားသုံးဦးက မြန်မာအလုပ်သမားကို လည်ပင်းညှစ် ပြီးဖမ်းဆီးထားကာ မြန်မာအလုပ်သမားက ဘဏ်ဖောက်ထွင်းရန်
ပြုလုပ်နေစဉ် ဖမ်းဆီး ပေးထားခြင်းဖြစ်သည်ဟု ကိုရီးယားလူမျိုးများက ဦးစွာတိုင်ကြားထားသည်။

ယင်းအဖြစ်အပျက်ကိုသိရှိသူမြန်မာတစ်ဦးက အနီးရှိဓမ္မယာန ဘုန်းကြီးကျောင်းသို့ ထပ်မံဖုန်းဆက်ရာ ဘူဆန်မြို့ ဘူဂယောင်း တက္ကသိုလ်တွင်တက်ရောက်သော ကိုရာဇာရှိန်းနှင့် မြန်မာအလုပ်သမား
များမှာ အခင်းဖြစ်ပွား ရာနေရာသို့ လိုက်သွားခဲ့ကြောင်း သိရသည်။

“မြန်မာအလုပ်သမားကောင်လေးက ကျွန်တော်တို့ဓမ္မယာနဘုန်းကြီးကျောင်း မှာ အလုပ်ရှာရင်းတည်းခိုနေတဲ့သူ ပါ။ ကျွန်တော်ရောက်သွားတော့ ရဲအရာရှိကိုကျောင်းသားကတ်ပြပြီး ကျွန်တော် မြန်မာတွေကိုအမှုကိစ္စတိုင်း ဘာသာပြန်ကူညီပေးနေကျ ကျောင်းသားတစ်ယောက်ပါ။ ဒီကောင်လေး အဲ့လိုလူမျိုးမဟုတ်ပါဘူး။ သူ့ကိုဖမ်းရင် ကျွန်တော်ပါလိုက်မယ်ဆိုပြီး ၀င်ပြောပါတယ်။ ရဲစစ်နေတုန်းမှာကို မူးနေတဲ့ ကိုရီးယားသုံးယောက်က ကျွန်တော့်ကိုစိန်ခေါ်ပြီး ထိုးမယ်၊ ကြိတ်မယ်လုပ်ပါတယ်”ဟု ကိုရာဇာရှိန်းကပြောသည်။

ဂင်ဟဲမြို့ရဲစခန်းတွင် မြန်မာအလုပ်သမား၏ လွယ်အိတ်အတွင်း ပါရှိသော ပစ္စည်းများကို စစ်ဆေးခဲ့ရာ ဘဏ်ဖောက်ထွင်းရန် မည်သည့် လက်နက် ကိရိယာမှမပါရှိဘဲ ဖုန်းနှင့် စာအုပ်တစ်အုပ်သာ ပါရှိပြီး အခြားလိုအပ်သည့် ကွန်ပျူတာ၊ မန်မိုရီစတစ်၊ ဘဏ်ကတ်နှင့် ဆော့ဖ်ဝဲလ်များ မပါရှိကြောင်း သိရသည်။

“နိုင်ငံခြားသားအမူမှန်သမျှ ရှုံးတာများပါတယ်။ အလုပ်သမားဘက် က နောက်ခံကောင်းကောင်း မားမားရပ်တည် ပေးဖို့ လိုပါတယ်။ သံရုံးကအစပေါ့။ နောက်ဆုံး မသင်္ကာမှုနဲ့ မြန်မာပြည်ပြန်ပို့နိုင်တယ်။ ကိုရီးယားမှာလည်း စား သောက်နေထိုင်ဖို့ခက်ခဲလာလို့ လူသတ် လုယက်မူတွေ အရင်ကထက်များနေပါတယ်”ဟု ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော ကိုမိုးဇော်အောင်ကပြောသည်။

ဘူဆန်နိုင်ငံခြားအလုပ်သမားကူညီပေးရေးစင်တာက လက်ရှိတွင် ကာယကံရှင်များနှင့် အမှုအတွက် တိုင်ပင် လုပ်ဆောင်နေကာ ဂင်ဟဲမြို့ရဲစခန်းမှ ခိုက်ရန်ဖြစ်ပွားမှုဖြင့် အမှုဖွင့်ထားပြီး အမှု အတွက် နှစ်ဖက်စစ်ချက်များ ရယူ၍ အမှုကိုဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ကိုရီးယားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး လုယက်ခံရမှုကို ခိုက်ရန်ဖြစ်ပွားမှုဖြင့် အမှုဖွင့်ခံရ  ကိုရီးယားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး လုယက်ခံရမှုကို ခိုက်ရန်ဖြစ်ပွားမှုဖြင့် အမှုဖွင့်ခံရ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.