အမေရိကန်နိုင်ငံ အနောက်ပိုင်းမှာ နွေရာသီအတွင်း တောမီးလောင်မှု ဖြစ်နေတဲ့အတွက် ရာနဲ့ချီတဲ့ မီးသတ်သမားတွေ မီးသတ်နေရသလို ရာနဲ့ချီတဲ့လူတွေ နေရာရွှေ့ပြောင်းမှု လုပ်နေရပါတယ်။ အပူလှိုင်းကြောင့် လူ ၄ ဦးသေဆုံးခဲ့ရပြီလို့လည်း သိရပါတယ်။
မီးသတ်သမား အယောက် ၆၀၀ လောက် မီးသတ်နေပြီး ရေတွေ သယ်ဆောင်တဲ့ မီးသတ်ရဟတ်ယာဉ်တွေလည်း မီးငြိမ်းသတ်မှုတွေ လုပ်နေရပါတယ်။
တနင်္လာနေ့တုန်းက လော့စ်အန်ဂျယ်လိစ် အရှေ့ပိုင်းမှာ တောမီးနှစ်ခု လောင်ကျွမ်းနေတဲ့အတွက် မိသားစု ၈၅၀ လောက်ကို နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်ခိုင်းထားပါတယ်။
မီးရဲ့ အကျယ်အဝန်းက ဟက်တာ ၂၁၈၅ ရှိနေပြီး အဲဒီ တောမီးနှစ်ခု ဆက်စပ်မိသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
Santa Barbara အနောက်ပိုင်းဒေသမှာလည်း တောမီးလောင်မှုတွေ တပတ်နီးပါးကြာ ဖြစ်နေပြီး ၆၂% ကိုတော့ ထိန်းသိမ်းနိုင်ပြီလို့ ဆိုပါတယ်။
အပူချိန်က ၅၀ ဒီဂရီ စဲလ်ဆီးယပ်စ် အထိ မြင့်တက်နေတဲ့အတွက် ပြည်နယ် ၉ ခုမှာ အကြီးစား မီးလောင်မှု ၂၁ ခုဖြစ်နေတယ်လို့လည်း သိရပါတယ်။
San Diego County က Potrero မှာတော့ တောမီးကြောင့် တိရိစ္ဆာန်တွေပါ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရပါတယ်။
ကြက်၊ ကြောင်၊ ခွေးတွေအပြင် Emu လို့ခေါ်တဲ့ ငှက်ကြီးတွေလည်း အသက်လု ထွက်ပြေးခဲ့ရပါတယ်။
Emu ဌက်ဟာ သြစတြေးလျနိုင်ငံက ဖြစ်ပြီး အမေရိကန်က ငှက်ရဲ့ အသားတွေ၊ အဆီတွေ ရဖို့အတွက် မွေးမြူထားတာ ဖြစ်ပါတယ်။
အဲဒီ ငှက်ရဲ့ အဆီကို အလှကုန်ပစ္စည်းနဲ့ ကျန်းမာရေးပစ္စည်းအတွက် အသုံးပြုကြသလို ကြီးမားတဲ့ ဥတွေကိုတော့ အနုပညာ သမားတွေက အလှချယ်ဖို့ အသုံးပြုကြပါတယ်။
တချို့ emu ငှက်တွေ အသက်လွတ်မြောက်ပေမယ့် လောင်ကျွမ်းနေတဲ့ အကောင်တွေကိုလည်း တွေ့ခဲ့ရတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်ရဲ့ အပူလှိုင်းကြောင့် လူ ၄ ဦးသေ
Reviewed by THITHTOOLWIN
on
16:01
Rating: