တရားမ၀င်သစ်တွေ တင်ဆောင်ပြီး ဂိတ်ကိုချိုးဖောက် မောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို သေနတ်နဲ့ ပစ်ဖောက်ဖမ်းဆီး
ဇွန်လ(၃၀)ရက် မနက်(၂)နာရီဝန်းကျင်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်းသစ်တောစစ်ဆေးရေးဂိတ်မှာ တရားမ၀င်သစ်တွေ တင်ဆောင်မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေဟာ ဂိတ်ကိုချိုးဖောက် ပြီး မောင်းနှင်လာတာကြောင့် သေနတ်နဲ့ ခြောက်လှန့်ပစ်ဖောက်ဖမ်းဆီးခဲ့ ရတယ်လို့သိရပါတယ်။
ဖြစ်စဉ်ကတော့ ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနက တောအုပ်ကြီးနဲ့ သစ်တောဝန်ထမ်းတွေအပါအ၀င် သစ်တောရဲတပ်ဖွဲ့ အဖွဲ့ဝင်တွေဟာ မြို့ချောင်းသစ်တော စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး တာဝန်ယူနေစဉ် ဂိတ်ရဲ့အောက်ဘက်မှာ လူ(၂၀)ခန့်စုရုံးရောက်ရှိ လာတယ်လို့ သိရပါတယ်။
အဲဒီအချိန်မှာ ပဲခူးရိုးမတောင်ပေါ်ကနေ မင်းလှစိန်ကန့်လန့်လမ်းအတိုင်း တရားမ၀င်သစ်တွေတင်ဆောင်
မောင်းနှင်လာတဲ့ မော်တော်ယာဉ်(၄)စီးရောက်ရှိလာပြီး ဂိတ်အောက်မှာ ရောက်ရှိနေတဲ့ လူ(၂၀)နဲ့ပူးပေါင်းကာ ဂိတ်ရဲ့Check Pointမှာ ချထားတဲ့ အတားအဆီးနဲ့မောင်းတံတွေကို ဖယ်ရှားဖို့ ကြံစည်နေတဲ့အတွက် သစ်တောရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းကိုနဲ့ သစ်တောဝန်ထမ်းတွေက မလုပ်ဖို့တားမြစ်ခဲ့ပါတယ်။
ဒါပေမယ့် ယာဉ်(၄)စီးထဲက နံပါတ်မပါတဲ့ ယာဉ်(၁)စီးက အတင်းတိုးဝင်မောင်းနှင် တဲ့အတွက် အတားအဆီးပြုလုပ်ထားတဲ့ သံဆူးကြိုးကိုနင်း မိပြီး ရှေ့ဘီးပေါက်သွားခဲ့ပါတယ်။
အဲဒီနောက် ရဲတပ်ကြပ်ကြီးကျော်စိုးမိုးက မိုးပေါ်ကိုသေနတ်ထောင်ပြီး (၇)ချက်ပစ်ဖောက်ခြောက်လန့်ခဲ့ပေမယ့်လည်း ယာဉ်ကိုမရပ်တန့်တဲ့အတွက် ယာဉ်နောက်ဘီးကို ရဲတပ်ကြပ်အောင်ကျော်မြင့်က သေနတ်နဲ့ပစ်ဖောက်ပြီး ဟန့်တားခဲ့ရပါတယ်။
အဲဒီနောက် ၀ိုင်းဝန်းဖမ်းဆီးရာ နောက်မှာပါလာတဲ့ ယာဉ်တစ်စီးကိုပါ ဖမ်းမိခဲ့ပေမယ့် ယာဉ်ပေါ်ပါလာတဲ့သူတွေကတော့ ထွက်ပြေးသွားခဲ့ပါတယ်။
ဒါ့အပြင်ကျန်တဲ့ယာဉ်နှစ်စီးကလည်း ပဲခူးရိုးမတောင်ပေါ်ကို ပြန်လှည့်မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ယာဉ်ပေါ်ကနေ တရားမ၀င်ပျဉ်းကတိုးသစ်ခွဲသား ဆိုဒ်စုံ(၂၇)ချောင်းသိမ်းဆည်းရမိခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းက မောင်းနှင်ထွက်ပြေးသွားတဲ့ယာဉ်နဲ့ တရားခံတွေကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ခင်ကို (ကျောက်တံခါး)
5 Plus News
https://www.facebook.com/5plusnews/
တရားမ၀င်သစ်တွေ တင်ဆောင်ပြီး ဂိတ်ကိုချိုးဖောက် မောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို သေနတ်နဲ့ ပစ်ဖောက်ဖမ်းဆီး
Reviewed by THITHTOOLWIN
on
22:51
Rating:
