ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ ပိုင်ရှင်ကို တရားစွဲသည့်အမှု စွဲချက်တင်


အမှတ်(၂) အထည်စက်ရုံ (ပလိပ်) ကို နှစ်ရှည်ငှားရမ်း လုပ်ကိုင်နေသော ပန်ဒါကုမ္ပဏီ ပိုင်ရှင်နှင့် အထွေထွေမန်နေဂျာတို့အား အလုပ်သမားဦးစီးဌာနမှEC စာချုပ်ချိုးဖောက်မှုဖြင့် စွဲဆိုထားသော အမှုအား စဥ့်ကိုင်တရားရုံးတွင် ဇွန်လ ၃၀ ရက် က စွဲချက်တင်လိုက်ပြီး ဇူလိုင်၇ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပန်ဒါကုမ္ပဏီပိုင်ရှင်နှင့် အထွေထွေမန်နေဂျာတို့ကို အလုပ်ရှင်အလုပ်သမား EC စာချုပ်ချိုးဖောက်မှုဖြင့် စွဲဆိုထားသည့်အမှုအား ၂၀၁၃ ခုနှစ် အလုပ်အကိုင် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၂၉၊ ပုဒ်မ ၃၉ ဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

“တရားရုံးကို အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေ သွားကြတယ်။ ပုဒ်မ ၃၉ နဲ့ စွဲချက်တင်လိုက်ပါပြီ။ နောက်တစ်ပတ် ၇ ရက်နေ့မှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ တရားသူကြီးက ပြောလိုက်ပါတယ်” ဟု အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ မဇာခြည်ဝင်းက The Ladies သို့ ပြောသည်။

ထို့အတူ ပန်ဒါကုမ္ပဏီမှ အလုပ်သမားများ ထိုင်သပိတ်ဆင်နွှဲခြင်းကြောင့် စက်ရုံပိတ်ဆို့သည်ဟု စွဲချက်ဖြင့် အလုပ်သမား အဖွဲ့အစည်းမှ အလုပ်အမှုဆောင်နှင့် အလုပ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ကို အမှုဖွင့်ထားသည်မှာ အမှုမမြောက်သဖြင့် တရားရုံးက ပလပ်လိုက်ကြောင်း မဇာခြည်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ ပိုင်ရှင်ကို တရားစွဲသည့်အမှု စွဲချက်တင်  ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ ပိုင်ရှင်ကို တရားစွဲသည့်အမှု စွဲချက်တင် Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.