June 28. DNJ
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာမှ တိုက်နယ်ဆေးရုံကော်မတီဥက္ကဌကို တရားစွဲဆိုထားသည့်အမှုအား ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ရုံးတင်စစ်ဆေးခဲ့ပြီး အဆိုပါတရားစွဲဆိုမှုအား မကျေနပ်သည့် ဒေသခံ (၅၀၀)ခန့်က မြို့နယ်တရားရုံးထိ လာရောက်ကာ နားထောင်ခဲ့ကြောင်း သိရသည်။
တိုက်နယ်ဆေးရုံဥက္ကဌ တရားစွဲဆိုခံရခြင်းမှာ တိုက်နယ်ဆေးရုံမြေနေရာနှင့် ထိစပ်လျက်ရှိသော ဈေးဟောင်းနေရာ(ရွာပိုင်မြေ)အား ယိုးတရုပ်ကျေးရွာ အထောက်အကူပြုအဖွဲ့၊ ဆေးရုံကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရွာသူရွာသားများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုက်နယ်ဆေးရုံပိုင် မြေနေရာအဖြစ် သတ်မှတ်ခဲ့ကြပြီး မြေနေရာအား ခြံစည်းရိုးကာရံနေစဉ် ယိုးတရုပ်ကျေးရွာဒေသခံ ဦးဦးရွှေကျော်က ၄င်းပိုင်သည့် မြေဟုဆိုကာ ပိုင်နက်ကျူးလွန်မှုဖြင့် ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ ဒီမြေကို အစကတည်းကပင် ဦးရွှေကျော်ပိုင်တာ မဟုတ်ပါဘူး။ ခုခြံစည်းရိုးတွေ ခတ်နေတာမြင်တော့ သူတို့ပိုင်တယ်ဆိုပြီး ပြောတယ်။ ဘယ်လိုကနေဘယ်လို သူတို့ပိုင်မြေဖြစ်သွားမှန်းမသိဘူး။ ” ဟု ဒေသခံ ကျောင်းအုပ်ဆရာမကြီး(ငြိမ်း)တစ်ဦးက ပြောသည်။
အဆိုပါမြေနေရာတွင် ဆေးရုံတွင် တာဝန်ထမ်းဆောင်မည့် လက်ထောက်ဆရာဝန်အိမ်(၁)လုံးနှင့် သူနာပြုနေအိမ်(၄)ခန်းတွဲ (၁)လုံးဆောက်လုပ်ရန် ၂၀၁၆-၁၇ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ စီမံကိန်းလျာထားချက် ထားပြီးဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ဆေးရုံကော်မတီတွေ ပရဟိတအလုပ်ကိုလုပ်လို့ ရုံးတက်နေတဲ့အခါ ပြသနာတစ်စုံတစ်ခု မဖြစ်အောင်ဆိုပြီးတော့ ရွာသူရွာသားတွေက ကျွန်တော်တို့ကို ထောက်ခံတဲ့အနေနဲ့လိုက်လာကြတယ်။ ကျွန်တော်တို့က ဒီကျေးရွာပိုင်မြေကို ယိုးတရုပ်တိုက်နယ် (၃၅) အုပ်စုအတွက် ကျန်းမာရေးပိုင်ဆိုင်ရာ တိုက်နယ်ဆေးရုံ မြေနေရာပဲ ဖြစ်စေချင်ပါတယ်။ ” တိုက်နယ်ဆေးရုံကော်မတီဥက္ကဌ ဦးမိုးသီး က ဆိုသည်။
ယင်းမြေနေရာအား ဆေးရုံကြီးကြပ်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် (၂ ၊ ၉ ၊၂၀၁၅)နေ့တွင် မြေစာရင်းပုံစံ(၁၀၅)နှင့် မြေစာရင်းပုံစံ(၁၀၆)ရရှိထားပြီး ၂၀၁၅ - ၁၆ ခု ခွင့်ပြုရန်ပုံငွေဖြင့် ခြံစည်းရိုး ကာနေခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ဖဒူထွန်းအောင်
Development Media Group
https://www.facebook.com/DevelopmentNJ
ယိုးတရုပ်ကျေးရွာမှ တိုက်နယ်ဆေးရုံကော်မတီဥက္ကဌကို တရားစွဲဆိုထားသည့်အမှုအား ပထဆုံးအကြိမ် ရုံးတင်စစ်ဆေး
Reviewed by THITHTOOLWIN
on
05:51
Rating: