ဇူလိုင်လ ၁ ရက်နေ့မှာ ရိုးသားကြိုးစားမှုဆုကို ချီးမြှင့်ခံရမယ့် အင်ဒိုနီးရှားရဲ Seladi (Credit: ABC) |
လာမယ့်လကြရင် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားအရှေ့ပိုင်းက Malang ရဲအဖွဲ့မှာ ၁၉၇၇ ခုနှစ်ကတည်းက ရဲအမှုထမ်းအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရဲတစ်ယောက် ရိုးသားကြိုးစားတဲ့အတွက် ဆုချီးမြှင့်ခံရဖို့ ရှိပါတယ်။
အဲဒီရဲကတော့ အသက် ၅၈ နှစ်ရှိပြီ ဖြစ်တဲ့ Seladi ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ နီးပါးကြာ ရဲအဖြစ် တာဝန်ထမ်းဆောင်တုန်း Seladi မှာ လစာတစ်ခုတည်းနဲ့ အခက်အခဲတွေ များခဲ့ပေမယ့် လာဒ်စားမှုတွေ လုံးဝ မလုပ်ပဲ ကလေးသုံးယောက်ကို ကျွေးမွေး ထောက်ပံ့ခဲ့ပါတယ်။
ကလေးသုံးယောက်ကို ကျွေးမွေးတဲ့အပြင် ကျောင်းစရိတ်တွေလည်း ပေးဆောင်ရတဲ့အတွက် တစ်လမှာ လစာ ဒေါ်လာ ၅၅၀ လောက်နဲ့ မလောက်ပေမယ့်လည်း လာဒ်စားမှုကနေ အပိုဝင်ငွေတွေ ရရှိအောင်လုပ်ဖို့ အမြဲတမ်း ငြင်းဆိုခဲ့သူ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ရဲဌာနမှာ လာဒ်စားမှုတွေ များပေမယ့် Seladi ကတော့ လာဒ်စားမှုတွေ လုပ်မယ့်အစား အမှိုက်ကောက်မယ်ဆိုပြီး အားလပ်ချိန်မှာ အမှိုက်ကို ကောက်ပြီး မိသားစုကို ရှာကျွေးနေတာ ဖြစ်ပါတယ်။
သူဝင်ဆင်တဲ့ ရဲယူနီဖောင်းကနေ တရားမဝင်နည်းနဲ့ ငွေတွေ ရအောင် ဖန်တီးနိုင်ပေမယ့် သူများရဲ့ ငွေကြေးတွေနဲ့ ကောင်းစားဖို့ထက် အမှိုက်ကောက်စားတာက ပိုကောင်းတယ်လို့ Seladi က ပြောပါတယ်။
အထူးသဖြင့် သူအလုပ်လုပ်တဲ့ ရဲဌာနဟာ ယာဉ်မောင်းလိုင်စင်နဲ့ ဆက်စပ်တဲ့ ဌာနဖြစ်ပြီး အဲဒီဌာနဟာ ငွေရွှင်တဲ့ ဌာနအဖြစ် လူသိများပေမယ့် Seladi ကတော့ ရသင့်ရထိုက်တာထက် ပိုမယူခဲ့တာ ဖြစ်ပါတယ်။
ရိုးရိုးသားသား အလုပ်ကို လုပ်ကိုင်ပေမယ့် မိသားစု စားဝတ်နေရေး အခက်အခဲလည်း ရှိနေပြန်တော့ အပိုဝင်ငွေ ရရှိဖို့အတွက် Seladi ဟာ ၂၀၀၄ ခုနှစ်ကတည်းက အမှိုက်တွေကို အချိန်ပိုင်း ကောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အမှိုက်ကောက်တဲ့ အလုပ်က တစ်ရက်ကို ၅ ဒေါ်လာလောက် အပိုဝင်ငွေ ရရှိနေတာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၄၀ နီးပါးကြာ ရဲအဖြစ် အမှုထမ်းဆောင်လာတုန်း ရိုးသားတဲ့ Seladi ကို ရဲဌာနက ဇူလိုင်လ ၁ ရက် မနက်ဖြန်ကြရင် ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
အဲဒီလို အသိအမှတ်ပြု ခံရတာကို ပျော်ရွှင်မိတယ်လို့ Seladi က ပြောပါတယ်။ သူ့ကို နောက်ထပ် ပျော်ရွှင်စေမယ့် အရာကတော့ သူ့အကြောင်းကို ကြားပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံက လွှတ်တော်အမတ် တစ်ယောက်က ဒီနှစ်ကုန်အထိ လစဉ်လတိုင်း Seladi ရဲ့ တစ်လစာ လုပ်အားခ ဒေါ်လာ ၅၅၀ လောက်အပြင် နောက်ထပ် ဒေါ်လာ ၄၂၀ လောက်ကို ပေးသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
Seladi ကတော့ လွှတ်တော်အမတ် တစ်ယောက်က သူ့ကို လစဉ် ဒေါ်လာ ၄၂၀ လောက်နဲ့ ညီမျှတဲ့ ငွေကြေးတွေကို နှစ်ကုန်အထိ ထောက်ပံ့မယ်ဆိုတာကို မျှော်လင့်မထားပေမယ့် တကယ်ဖြစ်လာရင်တော့ အကြွေးတွေကို ဆပ်ပြီး မိသားစုအတွက် အသုံးပြုမယ်လို့ ပြောသွားခဲ့ပါတယ်။
ဒီနှစ်ကုန်အထိ လစဉ်ဒေါ်လာ ၄၂၀ လောက် အပိုဝင်ငွေ ရရှိမယ့် အနေအထားရှိပေမယ့်လည်း Seladi ကတော့ ရဲအလုပ်အပြင် အမှိုက်ကောက်တဲ့ အလုပ်ကို စွန့်လွတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဘယ်လို အခြေအနေပဲ ရောက်ရောက်သူဟာ Seladi ဆိုတဲ့ ပုဂ္ဂိုလ်သာ ဖြစ်မှာ ဖြစ်ပြီး သူ့နာမည်ရဲ့ အဓိပ္ပာယ်ကတော့ လမ်းပေါ်မှာ အန္တာကင်းရှင်းသလို နောင်ဘဝအထိ အန္တာရာယ် ကင်းရှင်းဖို့ အဓိပ္ပာယ်ရတယ်လို့ Seladi က ပြောသွားခဲ့တယ်လို့ အင်ဒိုနီးရှား အခြေစိုက် သတင်းထောက် Samantha Hawley က ရေးသားထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
လာဒ်စားမယ့်အစား အမှိုက်ပဲကောက်မယ်
Reviewed by THITHTOOLWIN
on
17:04
Rating: