မွန်ပြည်နယ်လွှတ်တော်မှာ အစည်းအဝေးကျင်းပနေစဉ်။ Photo: Kyaw Lwin Oo/ RFA |
ရွှေ့ပြောင်းလုပ်သားတွေကို အိမ်ထောင်စုစာရင်းချထားပေးဖို့ အစိုးရက စီစဉ်နေတာကို ရပ်ဆိုင်းပေးဖို့ အဆိုတင်ထားတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် မှာ ဆွေးနွေးရာ ပြည်နယ်ဝန်ကြီး ဦးဝဏ္ဏကျော် က ရှင်းပြခဲ့တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဒေသတစ်ခုမှာ ၆ လနဲ့ အထက် ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်းတွေ ချထားပေးဖို့ အစိုးရက စီစဉ်နေတာကို ရပ်ဆိုင်းပေးဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီနဲ့ မွန်အမျိုးသား ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၄ ဦး က ထောက်ခံဆွေးနွေးခဲ့ပါတယ်။
မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က အစိုးရအနေနဲ့ ယာယီရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စု စာရင်းချထားပေးမှာမဟုတ်တဲ့အတွက် ဒေါက်တာ အောင်နိုင်ဦးရဲ့ အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ တင်ပြခဲ့ရာ အဆိုကို လွှတ်တော်က မှတ်တမ်း တင်လိုက်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတစ်ခုကနေ တစ်ခုမှာ ၆ လနဲ့အထက် ရွှေ့ပြောင်းနေထိုင်သူ တွေကို အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး ဌာနက သစ္စာစီမံချက်ကို ရေးဆွဲနေတာဖြစ်ပါတယ်။ အဲဒီစီမံချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ပါတီတွေက ကန့်ကွက်ထားကြသလို မွန်အရပ်ဖက်အဖွဲ့တွေကလည်း အဲဒီစီမံချက်ကို ဖျက်သိမ်းပေးဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ထားတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အိမ်ထောင်စုစာရင်း
Reviewed by THITHTOOLWIN
on
07:16
Rating: