ဆိုင်ကယ်စီးဦးထုတ် မဆောင်း၍ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဒဏ်ငွေ ၃.၇၄ ဒေါ်လာ ပေးဆောင်ရ

ဦးထုတ်မဆောင်းဘဲ ဆိုင်ကယ်စီးလာသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကို ယာဉ်ထိန်းရဲများ စစ်ဆေးနေစဉ် (ဆင်ဟွာ)
    ဖနွမ်းပင် ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

    ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်သည် လွန်ခဲ့သော ရက်သတ္တပတ်က နိုင်ငံ အနောက်တောင်ပိုင်းရှိ Koh Kong ပြည်နယ်ထဲတွင် ဆိုင်ကယ်စီး ဦးထုတ်မဆောင်းဘဲ ဆိုင်ကယ် စီးနင်းမှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရပြီး ဒဏ်ငွေ ပေးဆောင်ခဲ့ရကြောင်းနှင့် ၄င်း၏ အမှားအတွက် ဝန်ကြီးချုပ်က တရားဝင် တောင်းပန်လိုက်ကြောင်း သိရသည်။

Sre Amebel ခရိုင်၌ ဇွန်လ ၁၈ ရက်က ဆိုင်ကယ်စီး ဦးထုတ် မဆောင်းဘဲ ဆိုင်ကယ်စီးလာသည့် ဝန်ကြီးချုပ်ကို ယာဉ်စည်းကမ်း ဖောက်ဖျက်မှု ပုဒ်မ ၆ ဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဒုရဲအုပ် Sun Nem က ဖမ်းဆီး အရေးယူခဲ့ပြီး ၊ ယင်းပြစ်ဒဏ် အတွက် ဒဏ်ကြေးငွေ ကမ္ဘောဒီးယား ရီယယ် ၁၅,ဝဝဝ ( အမေရိကန် ဒေါ်လာ ၃.၇၄ ) ကို ပေးဆောင်စေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို ဝန်ကြီးချုပ်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင် ဖြစ်သူမှာလည်း အလားတူဒဏ်ငွေ ပေးဆောင်ခဲ့ကြောင်း ရေးသားထားသည်။

“ အဲဒီ ကိစ္စအတွက် တောင်းပန်ပါတယ်။ ကျနော်အမှားအယွင်း ကျူးလွန်ထားမိတဲ့ အတွက် ရဲတပ်ဖွဲ့ က ဖမ်းမှာပဲလေ” ဟု ဟွန်ဆန်က ဆိုသည်။ ထို့ပြင် “Koh Kong ပြည်နယ် Sre Ampel ခရိုင် ရဲတပ်ဖွဲ့ ဝင်တွေရဲ့ ခွဲခြား ဆက်ဆံမှုရှိဘဲ တရားဥပဒေအတိုင်း အရေးယူတာ၊ သြဇာကြီးတဲ့ ဝန်ကြီးချုပ်လို လူမျိုးကိုတောင် မကြောက်ဘဲ ဥပဒေအတိုင်း အရေးယူတာဟာ ချီးကျူး ထိုက်ပါတယ်”  ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ဆိုင်ကယ်စီးဦးထုတ် မဆောင်း၍ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဒဏ်ငွေ ၃.၇၄ ဒေါ်လာ ပေးဆောင်ရ  ဆိုင်ကယ်စီးဦးထုတ် မဆောင်း၍ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဒဏ်ငွေ ၃.၇၄ ဒေါ်လာ ပေးဆောင်ရ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.