အင်ဒိုနီးရှားတွင် Mount Sinabung မီးတောင်ပေါက်ကွဲရာ သုံးဦးသေဆုံးပြီး လေးဦးထိခိုက် ဒဏ်ရာရရှိ


ဂျကာတာ ၊ ၂၂-၅-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ မြောက်ဆူမားတြား ပြည်နယ်တွင် မေ ၂၁ ရက်က Mount Sinabung မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ သုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Mount Sinabung မီးတောင်သည် မေ ၂၁ ရက် မွန်းလွဲပိုင်းက လေးကြိမ်တိုင် ပေါက်ကွဲခဲ့ ပြီးနောက် ပြာမှုန်များကို ၃ ကီလိုမီတာ အမြင့်ထိ မှုတ်ထုတ် ခဲ့ကြောင်း၊ ထို့ပြင် ချော်ရည်ပူ များသည် မီးတောင်၏ အနောက် ဘက်ခြမ်း သို့ စီးကျခဲ့ကြောင်း ၄င်းအေဂျင်စီမှ ပြောရေးဆိုခွင့် ရှိသူ ဆူတိုပိုပါဝို နူဂရိုဟို က ဆင်ဟွာ သတင်းဌာန သို့ဖုန်းဖြင့် ပြောကြားသည်။

မီးတောင်မှ ချော်ရည်ပူ များကြောင့် မီးတောင်၏ ၇ ကီလိုမီတာ ဝန်းကျင်ရှိ ကျေးရွာများမှ နေအိမ်များ မီးလောင်ပျက်စီး ခဲ့ရကြောင်း၊ ၄င်းဒေသမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့သည့်အပြင် ထိခိုက် ဒဏ်ရာရရှိ သူများကိုလည်း ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်းနှင့် သဘာဝ ဘေးအန္တရာယ် ဒဏ်ကို ခံစားနေရသည့် နောက်ထပ် ဒေသခံများ ကိုလည်း မေ ၂၂ ရက်တွင် ထပ်မံရှာဖွေ သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

Mount Sinabung မီးတောင်သည် ၈၅၃ဝ ပေ အမြင့်ရှိပြီး သုံးနှစ်ကျော်ကြာ ငြိမ်သက် နေခဲ့ပြီးနောက် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလမှ စ၍ မကြာခဏ ပေါက်ကွဲလေ့ ရှိကြောင်း သိရသည်။ ၄င်းမီးတောင်၏ အခြေအနေမှာ အရေးပေါ် အနေအထားတွင် ရှိကြောင်း မီးတောင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ များက ကြေညာထားပြီး ဖြစ်သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ က Mount Sinabung မီးတောင် ပေါက်ကွဲမှုကြောင့် ၁၆ ဦး သေဆုံးခဲ့ပြီး ဒေသခံ ထောင်ပေါင်း များစွာမှာ နေအိမ်များကို စွန့်ခွာကာ ဘေးလွတ် ရာသို့ ရွှေ့ပြောင်းခဲ့ ရကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အင်ဒိုနီးရှားတွင် Mount Sinabung မီးတောင်ပေါက်ကွဲရာ သုံးဦးသေဆုံးပြီး လေးဦးထိခိုက် ဒဏ်ရာရရှိ   အင်ဒိုနီးရှားတွင် Mount Sinabung မီးတောင်ပေါက်ကွဲရာ သုံးဦးသေဆုံးပြီး လေးဦးထိခိုက် ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 11:14 Rating: 5
Powered by Blogger.