ကာ-ချုပ်နဲ့ သမ္မတဟောင်း KNU အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကို တွေ့ရစဉ်။ Photo: RFA
 အရင်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လက် အကောင် အထည် ဖော်သွားမှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အရင်အစိုးရလက်ထက်က အကောင်အထည်ဖော် ခဲ့တဲ့အတိုင်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့နောက်မှ နိုင်ငံရေးဆွေးနွေးမှုအပိုင်းကို သွားမှာဖြစ်ကြောင်း ပြောတာဖြစ်တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

"ဥက္ကဌကြီးနဲ့ သူ့ကိုယ်စားလှယ်အဖွဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တာကတော့ ကျနော်တို့က နဂိုက ဆက်ဆံရေးရှိခဲ့တယ်လေ၊ တပ်မတော်နဲ့ ဆက်ဆံရေးရှိတဲ့အပေါ်မှာ ကျနော်တို့ ဒီဆက်ဆံရေးကို ပြ ရအောင်သွားတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်၊ ကျနော်တို့ သိရသလောက်ကတော့ ကာကွယ်ရေးဦးစီးချုပ် ရဲ့သဘောထားကတော့ NCA ကိုအခြေခံပြီးတော့ ဖြစ်ရမယ်၊ NCA လက်မှတ်ထိုးရမယ်၊ NCA လက်မှတ်ထိုးပြီးမှသာလျှင် ကျနော်တို့ ငြိမ်းချမ်းရေးကို နိုင်ငံရေးစားပွဲဝိုင်းကို တက်လို့ရမယ်၊ ပြီးခဲ့တဲ့အစိုးရ ဆောင်ရွက်ခဲ့တဲ့အတိုင်းပဲ အဲ့ဒီအတိုင်းပဲသွားမယ်"

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ အပစ်ရပ်လက်မှတ်ရေး ထိုးရေးအတွက် တပ်မတော်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် နှစ်လခန့်အတွင်း ကျင်းပမယ်လို့ ပြောထားပေမယ့် အပစ်ရပ်လက်မှတ်မထိုးရတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ရှိနေသေးတာကြောင့် အဆင့်ကျော်သလိုဖြစ်နေပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ညီလာခံဖြစ်မှာမဟုတ်ဘူးလို့လဲ ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

ဒါ့အပြင် TNLA တအာင်းပလောင်အဖွဲ့၊ AA ရက္ခိုင့်တပ်မတော်၊ MNDAA ကိုးကန့်တပ်ဖွဲ့တွေ အပစ်ရပ်လက်မှတ် ထိုးပြီး နိုင်ငံရေးဆွေေးနွးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

အလားတူပဲ  KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့ဟာ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ မနေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ မူတူးစေးဖိုးနဲ့အတူ KNU စစ်ထောက်ချုပ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ပဒိုစောတာဒိုးမူ စတဲ့ ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကာ-ချုပ်နဲ့ သမ္မတဟောင်း KNU အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး  ကာ-ချုပ်နဲ့ သမ္မတဟောင်း KNU အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး Reviewed by THITHTOOLWIN on 04:55 Rating: 5
Powered by Blogger.