ပအိုဝ်းဌာနေပြည်သူ့စစ် PNA မှ ဥပဒေမဲ့ ဖမ်းဆီးထားသူ ဆီဆိုင်ဒေသခံ ဦးထွန်းမှာ ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မေလ ၁၃ ရက်နေ့တွင် The Ladies News သို့ ပြောသည်။
ပအိုဝ်းဌာနေပြည်သူ့စစ် PNA က ၎င်း၏တပ်သားများ တပ်ကိုပြန်မလာသည့်သူများကို လိုက်လံဖမ်းဆီးရာ တပ်သားများ မတွေ့၍ အိမ်တွင်ကျန်ခဲ့သည့် ၎င်းတို့ဖခင်ကို ဖမ်းဆီးမှုများ ရှိခဲ့သည့်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရနှင့် နယ်လုံဝန်ကြီးတို့ထံ တိုင်ကြားစာများ ပေးပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း ဦးတင်မောင်တိုးက ဆိုသည်။
“PNA ကတော့ သူတို့ရဲ့တပ်ပြေးပေါ့ ။ တပ်ကိုပြန်မလာတဲ့သူတွေကို ဖမ်းတယ်ပေါ့။ နောက်ပိုင်းကျတော့ ပြန်သွားတဲ့ တပ်သားတွေက တချို့တွေက မရှိတော့ဘူးဗျ။ ထိုင်းတို့ တရုတ်ပြည်တို့သွားပြီး အလုပ်သွားလုပ်နေကြပြီ။ အဲ့ဒီမှာ သူ့တပ်သားတွေမတွေ့တော့ အိမ်မှာကျန်ခဲ့တဲ့ တပ်သားတွေရဲ့ အဖေတွေကို ဖမ်းတာဖြစ်နေတာ။ ပြည်နယ်ဝန်ကြီးချုပ်ရယ် ပြည်နယ် နယ်လုံဝန်ကြီးရယ်ကို စာပို့ထားတယ်။ ပြီးတော့မှ PNA ရဲ့ တာဝန်ခံဆီကိုလည်း ဖုန်းနဲ့ ဆက်သွယ်ပြီး အကူအညီတောင်းထားတယ်” ဟု ဦးတင်မောင်တိုးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တောင်ကြီးအန်အယ်လ်ဒီမှ ပအိုဝ်းပြည်သူ့စစ် တာဝန်ခံအား ဖုန်းဖြင့် ဆက်သွယ် အကူညီတောင်းမှုများ ပြုလုပ်ခဲ့သော်လည်း အရှုပ်အရှင်းမရှိပါက ပြန်လွတ်ပေးမည်ဟုသာ ဖြေကြားခဲ့ပြီး ယခုကဲ့သို့ ဖမ်းသွားသည်မှာ အချိန်အတန်ငယ် ကြာမြင့်လာသည်အထိ အဖမ်းခံရသူမှာ လွတ်မြောက်လာခြင်းမရှိ ဖြစ်နေခြင်းဖြစ်သည်။
“အရှုပ်အရှင်းဆိုတာ တပ်ကနေ ပစ္စည်းတွေ ပါသွားလားပေါ့။ ငွေကြေးတွေ ပေးစရာရှိလားဆိုတဲ့ သဘောမျိုးပေါ့ ။ သူတို့က လစာတောင်မှ ပုံမှန်မရဘူး။ တစ်ခါတလေ သုံးလေးငါးလ နေမှ စုပေးတာမျိုး ဆိုတော့ အဲ့ဒီမှာ စားဝတ်နေရေးက အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် ထွက်ပြေးလာကြတာ” ဟု ဦးတင်မောင်တိုးကပြောသည်။
ပအိုဝ်းဌာနေပြည်သူ့စစ် PNA က ဆီဆိုင်မြို့နယ်တွင် ဖမ်းဆီးသွားသူ ဦးထွန်း၏သားဖြစ်သူ ခွန်တပိုးမှာ ယခင်က ပအိုဝ်းပြည်သူ့စစ် တပ်သားဖြစ်သော်လည်း ၄င်းမှာ တစ်ဖက်ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေမှုကြောင့် ပြန်လာရန် မလွယ်ကူသေးကြောင်းလည်း သိရသည်။
လတ်တလောမှာပင် PNA တပ်ရင်း ၄ တွင် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်/တပ်စိပ်မှူး ခွန်ထွန်းကီ၏ ဖခင်ဦးဖြူကို ဖမ်းဆီးခဲ့ခြင်းကြောင့် ဆီဆိုင်မြို့နယ် အောင်ဆုဝေစခန်းသို့ လိုက်လံတောင်းဆိုရာ ၎င်း၏ဖခင်ဦးဖြူကိုပြန်လွှတ်ပေးခဲ့ပြီး တပ်ကြပ်/တပ်စိပ်မှူး ခွန်ထွန်းကီကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပအိုဝ်းပြည်သူ့စစ်မှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ထားသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၏ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ ဦးအောင်ခမ်းထီမှာ န၀တ စစ်အစိုးရလက်ထက်မှ စတင်ကာ စစ်အစိုးရနှင့် ပေါင်းခဲ့ပြီး PNO မှာ ပြည်ခိုင်ဖြိုးပါတီ၏ မဟာမိတ်ပါတီလည်း ဖြစ်သည်။
ဇော်မင်းထွန်း
Photo - ဖမ်းဆီးခံ ဦးထွန်း ( Kotoe Taunggyi FB )
The Ladies News
https://www.facebook.com/News.TheLadies
ပအိုဝ်းပြည်သူ့စစ်မှ ဥပဒေမဲ့ ဖမ်းဆီးထားသူ ယခုအချိန်အထိ လွတ်မြောက်မလာသေး
Reviewed by THITHTOOLWIN
on
17:39
Rating: