မလှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းအချို့နှင့် နေအိမ်များ အမိုးလန် ပျက်စီး


မလှိုင် ၊ မေ ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မေလ(၁) ရက်နေ့ မွန်းလွဲ (၂)နာရီ (၃၀) မိနစ်အချိန်က မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေ အိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦအချို့ အမိုးလန် ပျက်စီး ပြိုကျ ခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် မလှိုင်မြို့နယ်အတွင်းရှိ အမှတ်(၂)၊ အမှတ် (၃)ရပ်ကွက်၊ ၀ါးခွ ၊ မြင်းဦးလှည့်၊ ထန်းပင်ကန်၊ ရေငံ၊ သပြေပင်၊ အိုင်မာရိုး၊ ဖက်ကုန်း၊ မြင်းတွင်း၊ မြောက်လည်၊ ရုံးတော၊ ၀မ္ဘဲလူး၊ ကျပ်ဆည်၊ ရွာသစ်၊ သဲကန်၊ ဆုံတွင်း၊ အုပ်ဖိုကန်၊ သဘွတ်ကုန်း စသည့် ကျေးရွာအုပ်စု (၁၉) အုပ်စု မှ ကျေးရွာပေါင်း (၄၇)တွင် အဆောက်အဦအချို့ ပျက်စီးပြိုကျခဲ့ရာ အဆိုပါ ကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်မင်းသိန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောလွင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ ချက်ခြင်းသွားရောက် ကြည့်ရှုကူညီဆောင်ရွက်ပေးခဲ့ကြသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားစေတီ(၂)ဆူ စိန်ဖူးတော် တိမ်းစောင်း ခဲ့ပြီး စေတီ(၉)ဆူမှာ ထီးတော် မြေခခဲ့သည်။ ဘုန်းကြီးကျောင်း (၂၅)ကျောင်း၊ စာသင်ကျောင်း(၁၀)ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦ (၂)ခု၊ လူနေအိမ်(၁၉၇)အိမ် အမိုးများလန်ကျပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ်(၈) လုံးပြိုကြခဲ့ပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နွား(၂)ကောင်သေဆုံးခဲ့သည်။ အဆိုပါလေပြင်းတိုက်ခတ် မှုကြောင့် စုစုပေါင်း ခန့်မှန်းတန်ဘိုးငွေကျပ် (၁၆၁)သိန်းကျော်ဆုံးရှုံးခဲ့ပြီး မှရိုး ၊ ကျောက်တန်း၊ ပန်းအိုင်နှင့် နတ်စင်ကုန်းကျေးရွာများတွင် လည်း နောက်ထပ်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

(မလှိုင်မြို့နယ်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မလှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းအချို့နှင့် နေအိမ်များ အမိုးလန် ပျက်စီး  မလှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းအချို့နှင့် နေအိမ်များ အမိုးလန် ပျက်စီး Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.