မေဒေးနေ့ နိုင်ငံတော်သမ္မတ သဝဏ်လွှာပို့

မေလ ၁ ရက်နေ့က လှိုင်သာယာမြို့နယ်က မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားတွင် သမ္မတရဲ့သဝဏ်လွှာကို ဖတ်ကြားနေတဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကို တွေ့ရစဉ်
Photo: Kyaw Htoon Naing/ RFA
အစိုးရသစ်အနေနဲ့ အလုပ်သမားပြဿနာတွေ ဖြေရှင်းရာမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါရှိတဲ့ သ၀ဏ်လွှာကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေကို ပေးပို့ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ပေးပို့ တဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ သ၀ဏ်လွှာကို အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဖတ်ကြားခဲ့ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း မှတ်ပုံတင်မရှိသေးတဲ့ အလုပ်သမားတွေကို မှတ်ပုံတင်ရရှိအောင်ဆောင်ရွက်ပေးဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိသားစုဝင်တွေကိုလည်း မှတ်ပုံတင် အထောက်အထား ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကျင်းပတဲ့ အလုပ်သမားနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ အစိုးရကိုယ်စားလှယ်တွေလည်း တက်ရောက် ခဲ့ပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်က အလုပ်သမားတွေက နဝဒေးအိမ်ယာရှေ့ကနေ မိုးလုံလေလုံ အားကစားကွင်းထိ လမ်းလျှောက်ပြီး ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။

နေပြည်တော် ပျဉ်းမနား သကြားစက်ရုံ၊ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က ကနောင်ခန်းမ၊ ရေနံချောင်းနဲ့ ချောက်မြို့တွေမှာလည်း အလားတူ အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မေဒေးနေ့ နိုင်ငံတော်သမ္မတ သဝဏ်လွှာပို့ မေဒေးနေ့ နိုင်ငံတော်သမ္မတ သဝဏ်လွှာပို့ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.