ပါကစ္စတန်လင်ယောက်ျားများက မိန်းမများကို ခပ်ပျော့ပျော့ ရိုက်နှက်ဆုံးမနိုင်ဟု အစ္စလာမ်ကောင်စီပြောကြား


စီအင်အင်
အစ္စလာမ်မာဘတ်၊ မေ-၃၀

စည်းကမ်းပုံစံတစ်ခုအနေဖြင့် လင်ယောကျာ်းများအား၎င်းတို့၏ ဇနီးသည်များကို ခပ်ပျော့ပျော့ရိုက်နှက်ခွင့်ပြုသည့် ဥပဒေကြမ်းတစ်ရပ်ကို ပါကစ္စတန် အစ္စလာမ်ကောင်စီခေါင်းဆောင်က အဆိုပြုခဲ့သည်။

၇၅မျက်နှာပါ ထိုအဆိုပြုချက်တွင် မိန်းမတစ်ယောက်ကို အပြစ်ပေးရန် လိုအပ်လာပါက ခပ်ပျော့ပျော့ ရိုက်နှက်ခြင်းမှာ လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု မိုဟမ္မတ် ခန်း ရှီရာနီက အကြံပြုထားသည်။ သို့ရာတွင် ထိုအဆိုပြုချက်က ကြောက်မှတ်သွားစေရန်မှာ တုတ်သေးသေးတစ်ချောင်းသာ လိုအပ်သည်ဟုဆိုကာ အင်နှင့်အားနှင့် ခပ်ကြမ်းကြမ်းရိုက်ခြင်းကိုမူ တားမြစ်ပိတ်ပင်ထားသည်။

အစ္စလာမ်သဘောတရား ကောင်စီမှာ ပါကစ္စတန်လွှတ်တော်အား ဥပဒေများမှာ အစ္စလာမ်အဆုံးအမများနှင့် ညီမညီကို အကြံပြုနေသည့် သြဇာကြီးမားသော ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အဖွဲ့ပင်ဖြစ်သည်။


ထိုဥပဒေကြမ်းကို ပယ်ချခံလိုက်ရသော အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများအတွက် ပန်ဂျပ် အမျိုးသမီးကာကွယ်ရေးဥပဒေကို တုံ့ပြန်မှုတစ်ခုအဖြစ် ယူဆနေကြသည်။ ကောင်စီက ပန်ဂျပ်ဥပဒေကို အစ္စလာမ်မဆန်ဟုဆိုကာ ပယ်ချခဲ့ပြီး ကိုယ်ပိုင်ဥပဒေကို ရေးဆွဲခဲ့ရာ ခပ်ပျော့ပျော့ရိုက်ခြင်းကို ထောက်ခံထားသည်။

မိန်းမက ယောကျာ်းရဲ့ အမိန့်ကို ဖီဆန်နေရင်၊ ယောကျာ်းဝတ်စားစေချင်တဲ့အတိုင်း မ၀တ်စားဘူးဆိုရင်၊ ဘာသာရေးအကြောင်းပြချက်ကြောင့်မဟုတ်ဘဲ ယောက်ျားရဲ့ ချစ်တင်းနှောဖို့ တောင်းဆိုချက်ကို ပယ်ချနေရင် (ဒါမှမဟုတ်) ချစ်တင်းနှောအပြီး၊ ရာသီပန်းပွင့်ချိန်အပြီးမှာ ရေမချိုးဘူးဆိုရင် လင်ယောက်ျားက မိန်းမကို ခပ်ပျော့ပျော့ရိုက်နှက်ခွင့်ပြုသင့်တယ်ဟု အဆိုပြုချက်တွင် အကြံပြုထားကြောင်း Express-Tribune သတင်းစာက ကိုးကားဖော်ပြခဲ့သည်။


ထို့အပြင် အကယ်၍ မိန်းမလုပ်သူက ခေါင်းဆောင်းမ၀တ်လျှင်၊ သူစိမ်းများနှင့် ပြောဆိုဆက်ဆံလျှင်၊ စကား ကျယ်ကျယ်လောင်လောင် အော်ပြောလျှင်၊ လင်ယောက်ျား၏ ခွင့်ပြုချက်မရဘဲ အခြားသူများကို ငွေပေးလျှင်လည်း ရိုက်နှက်ဆုံးမရန် တိုက်တွန်းထားသည်ဟု သတင်းစာက ဖော်ပြထားသည်။


မိန်းမများ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခြင်းအပါအ၀င် လှုပ်ရှားမှု အတော်များများကိုလည်း ပိတ်ပင်ရန် အကြံပြုထားသည်။ သို့ရာတွင် အမျိုးသမီးများကို နိုင်ငံရေးထဲ ပါဝင်ခွင့်ပြုထားပြီး၊ တရားသူကြီးဖြစ်ခွင့်လည်း ပြုထားသည့်အပြင် အရွယ်ရောက်သည့် မိန်းမများ အုပ်ထိန်းသူရှိရမည့် အချက်ကိုလည်း မလိုအပ်ဟု အကြံပြုထားသည်။

ထို့အပြင် အဆိုပြုချက်က မိန်းမများအား ဆွေမျိုးမဟုတ်သူ (သို့မဟုတ်) နိုင်ငံခြားအရာရှိများကို လက်ခံခွင့် မပြုသင့်ဟု ပြောကြားထားပြီး လင်ယောကျာ်းထံမှ ခွင့်ပြုချက်မတောင်းဘဲ ပဋသန္ဓေတားဆေးများကိုလည်း အသုံးမပြုသင့်ကြောင်း တားမြစ်ထားသည်။

အစ္စလာမ်သဘောတရား ကောင်စီ၏ အဆိုပြုချက်များမှာ အကြံပြုချက်များသာဖြစ်ပြီး အမတ်များက သဘောတူ အတည်ပြုခြင်းမရှိပါက လက်တွေ့ကျင့်သုံးနိုင်မည်မဟုတ်ပေ။

AM
china.com Myanmar
https://www.facebook.com/china.com.mm
ပါကစ္စတန်လင်ယောက်ျားများက မိန်းမများကို ခပ်ပျော့ပျော့ ရိုက်နှက်ဆုံးမနိုင်ဟု အစ္စလာမ်ကောင်စီပြောကြား   ပါကစ္စတန်လင်ယောက်ျားများက မိန်းမများကို ခပ်ပျော့ပျော့ ရိုက်နှက်ဆုံးမနိုင်ဟု အစ္စလာမ်ကောင်စီပြောကြား Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.