ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် မီးလောင် သေဆုံးသူ အမျိုးသားနှင့် အမျိုးသမီး အမည်၊ နေရပ် မသိရ


နေပြည်တော် မေ ၃

ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၂/၆ နှင့် ၁၂၂/၇ အကြား ၌ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာသော ယာဉ်အမှတ် 7J / 4232 (အဖြူရောင်) မော်တော်ယာဉ် (လိုင်စင် စိစစ်ဆဲ)သည် မေ ၂ ရက် ည ၁၂ နာရီ မိနစ် ၂၀ တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ဘာရီယာတုံးအားတိုက်ပြီးနောက် လမ်းမပေါ်၌ တိမ်းမှောက် ကာ မီးလောင်ကျွမ်းခဲ့သည်။


အဆိုပါယာဉ်တိမ်းမှောက်မှုအား သိလျှင်သိချင်း ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်း၊ ဖြူး အမြန်လမ်းမကြီးရဲစခန်းနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက အခင်းဖြစ် ရာ နေရာသို့ ရောက်ရှိကြပြီး မီးဝိုင်းဝန်းငြိမ်းသတ် ခဲ့ကြသည်။ အဆိုပါယာဉ် အတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ မီးလောင်ကျွမ်းသေဆုံးနေသည်ကို တွေ့ရပြီး တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် အုတ်တွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။


ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အခင်းဖြစ်ရပ်အား စစ်ဆေးခြင်း၊ သေဆုံး သူ နှစ်ဦးတို့၏ အမည်၊ နေရပ်တို့အား စုံစမ်းဖော်ထုတ်ခြင်းတို့ကို ဗောဓိကုန်း အမြန်လမ်းမ ကြီးရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျှက်ရှိသည်။

အမြန်လမ်းတွင် ခရီးသွားယာဉ်မောင်းများအနေဖြင့် မိမိတို့မောင်းနှင်မည့်ယာဉ်အား ကြံ့ခိုင်မှု စစ်ဆေးပြီးမှသာ ထွက်ခွာရန် သတ်မှတ်နှုန်းထား အတိုင်းမောင်းနှင်ရန်၊ အမြန်လမ်း တစ်လျှောက် သတိပေးဆိုင်းဘုတ်များအား ဂရုပြုကြည့်ရှုမောင်းနှင်ရန်နှင့် အိပ်မငိုက်စေရန် အထူးသတိထားရမည်ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်သွားလာမှုစတင်ခွင့်ပြုချိန်မှ (၇)နှစ် အတွင်း ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူ (၆၀၀) ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၃၀၀၀) ကျော် ရှိကြောင်းသိရသည်။

သို့ပါ၍ အမြန်လမ်းမကြီးတွင် မောင်းနှင့်သွားလာနေကြသော ယာဉ်များ အနေဖြင့် တစ်နေ့တာ မိမိတို့လိုရာခရီးအား အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ရေးအတွက် သတိ၊ အသိဖြင့်ယှဉ်၍ စိတ်ရှည် သီးခံမောင်းနှင်ကြ ပါရန် တိုက်တွန်းအပ်ပါသည်။

(ညီညီသန်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် မီးလောင် သေဆုံးသူ အမျိုးသားနှင့် အမျိုးသမီး အမည်၊ နေရပ် မသိရ  ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် မီးလောင် သေဆုံးသူ အမျိုးသားနှင့် အမျိုးသမီး အမည်၊ နေရပ် မသိရ Reviewed by THITHTOOLWIN on 15:00 Rating: 5
Powered by Blogger.