ပွေ့ဖက်လိုက်ရုံနဲ့ ဘ၀အမောတွေ ပြေမတဲ့လား


လူမျိုးဘာသာ မခွဲခြားကြောင်းကို ပြသတဲ့အနေနဲ့ Free Hugs လို့ အမည်ရပြီး လူအချင်းချင်း ပွေ့ဖက်နှုတ်ဆက်တဲ့ campaign ကို ၈-၅-၂၀၁၆ ရက်နေ့က လှည်းတန်းစင်တာရှေ့မှာ လူငယ် ၃၀ ကျော် လောက်က ပြုလုပ်ခဲ့ပါတယ်။ လူငယ်တွေရဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်က ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ စဉ်းစားစရာတွေ တပုံတပင်ကြီးရခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံ ဘာဖြစ်နေပြီလဲ။ အစွန်းရောက်နိုင်ငံ ဖြစ်နေပြီလား။ ဖိနှိပ်မှုများသော နိုင်ငံ ဖြစ်နေပြီလားစသဖြင့် လားပေါင်းများစွာကို တွေးမိလိုက်ပါတယ်။

_နွေးထွေးဖို့ ဘာတွေလိုနေလဲ

လူအချင်းချင်း နွေးနွေးထွေးထွေးဆက်ဆံတယ်ဆိုတာဟာ ကျွန်တော်တို့နိုင်ငံအတွက်တော့ ၀န်တာလေးတဲ့ကိစ္စမဟုတ်ပါဘူး။ အရက်အလွန်အကျွံမူးပြီးရမ်းကားတဲ့သူတောင် ဖေးဖေးမမလုပ်ရင် စိတ်တည်ငြိမ်သွားတတ်ပါသေးတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ဘာသာရေး အကူးအလူး၊ ယဉ်ကျေးမှု အလူးအလွန့်တွေကြားမှာ လူတွေရဲ့စိတ်တွေ အနည်းငယ်ပြောင်းလဲလာပါတယ်။
ပြောင်းလဲလာတယ်ဆိုပေမယ့်လည်း ဆိုးသွမ်းအဆင့်ကို မရောက်သေးပါဘူး။ သွေးဆာနေတဲ့ လူအုပ်ကြီးတို့၊ ရမ်းကားနေတဲ့ လူအုပ်ကြီးတို့ဆိုတာတွေဟာ ကျွန်တော်နိုင်ငံမှာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လူမျိုးတွေမှာ ကရုဏာတရားက ကြီးစိုးနေသေးတဲ့အတွက် ရက်စက်တဲ့ လုပ်ရပ်တွေကို အရမ်းကာရော မလုပ်မိကြသေးပါဘူး။ ဒီနေရာမှာ ခြွင်းချက်တခုအနေနဲ့ အရက်မဟုတ်တဲ့ မူးယစ်ဆေးသုံးစွဲ ထားတာမျိုးဆိုရင်တော့ ထိန်းကျောင်းဖို့ ခက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အရှိသဘောကိုပြောရရင် တဦးနဲ့တဦး ပြုံးပြနှုတ်ဆက်တာက နွေးထွေးတဲ့ သက်သေသက္ကာယပါပဲ။ ကျွန်တော်တို့ လူငယ် တွေအချင်းချင်းဆိုရင်လည်း ပြုံးပြပြီး 'ဘယ်သွားမလို့လဲကွ' “သားကြီး 'မင်းဘယ်ဒိုးမလို့လဲ' စသဖြင့် ခေတ်ကာလစကားလုံးတွေအရပါ ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်နေကြတာကို လှည်းတန်းတ၀ိုက်မှာ အထင်းသားတွေ့နိုင်ပါတယ်။ လမ်းသွားရင်းမတော်တဆတိုက်မိ၊ ခိုက်မိရင်တောင် ''မတော်လို့နော်…အစ်ကို'' '' Sorry…..နော် ညီမ'' စတဲ့ စကားလုံးလေးတွေကလည်း ခေတ်ကာလရွေ့လျောမှုမှာ ချစ်စဖွယ်စကားလုံးလေးတွေ ဖြစ်နေပါသေးတယ်။ ဒီတော့ ကျွန်တော်တို့နိုင်ငံရဲ့နွေးထွေးမှု သရုပ်သကန်ကိုပြောပါဆိုရင် ပြုံးပြနှုတ်ဆက်တာပါပဲ။

_Free Hugs ဘယ်ကစလဲ

The Free Hugs campaign ကို Juan Mann ဆိုတဲ့လူ June 30, 2004 မှာ စပြီးလုပ်ခဲ့တာပါ။ ဘာကြောင့်စလုပ်ခဲ့တာလဲဆိုရင် သူဟာလပေါင်းအတော်ကြာအောင် အခက်အခဲတွေ၊ မွန်းကျပ်မှုတွေနဲ့ ကြုံတွေ့ခံစားနေခဲ့ရတာပါ။ ကူညီပေးမယ့်သူတွေလည်းမရှိဘူးလို့ ခံစားနေရတဲ့သူပါ။ ဒီလိုနဲ့တညမှာ သူနိုက်ကလပ်တခုကိုသွားမိပါတယ်။ နိုက်ကလပ်ရောက်တဲ့အခါ လူစိမ်းတယောက်က သူ့ကိုလာပြီး ပွေ့ဖက်နှုတ်ဆက်မှုပြုတဲ့အခါမှာ သူ့အတွက်အင်အားတခုရသလို ခံစားရတာကြောင့် လူအများကြားမှာ campaign လုပ်ဖို့ စိတ်ကူးရသွားပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်မှာရှိတဲ့ ပစ်စထရိမောလ်လို့ခေါ်တဲ့ ကုန်တိုက်ရှေ့မှာ လုပ်ခဲ့ပါတယ်။ သူ့ရဲ့အယူအဆကတော့ လူတယောက်က လူတယောက်ကို ပွေ့ဖက်နှုတ်ဆက်လိုက်တဲ့အခါမှာ ဘ၀အမောတွေ ဖြေဖျောက်ပေးနိုင်လိမ့်မယ်လို့ ယူဆခဲ့ပါတယ်။
သူ့ကမ်ပိန်းအစီအစဉ်ဟာ ၂၀၀၅ ခုနှစ်မှာ ပြဿနာဖြစ်ခဲ့ရပါတယ်။ ရဲတွေက သူ့ကိုဆက်မလုပ်ဖို့ တားဆီးခဲ့ပြီး ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒေါ်လာ ၂၅ သန်း တန်ကြေးရှိတဲ့ အာမခံတမျိုးကိုထားရှိပေးရမယ်လို့ ပြောခဲ့ ပါတယ်။ ဒါပေမဲ့ ၂၅ သန်း တန်အာမခံကို မထားနိုင်တဲ့အတွက် အင်တာနက်မှာ သူ့ မိတ်ဆွေတွေနဲ့ လက်မှတ် တွေစုဆောင်းပြီး တောင်းဆိုခဲ့ပါတယ်။ လက်မှတ်တသောင်းနဲ့ တောင်းဆိုတဲ့အခါ သြစတြေးလျအစိုးရက ခွင့်ပြု ပေးလိုက်ပါတယ်။ အခုဆိုရင် အဆိုတော်ရှီမွန်မိုးက သူ့အကြောင်းကိုသီဆိုပြီး YouTube မှာ တင်ထားတာ ၀င် ရောက်ကြည့်ရှုသူဟာ ၂၀၁၃ ခုနှစ် မှာ ၇၄ သန်းကျော်နေပြီ ဖြစ်ပါတယ်။

_ပွေ့ဖက်ရုံနဲ့ ဘ၀အမောပြေမတဲ့လား မြန်မာ

ကျွန်တော်တို့နိုင်ငံမှာ ရင်မောရတဲ့အဖြစ်တွေ မြောက်မြားစွာဖြစ်ခဲ့ဖူးပါပြီ။ ကျွန်တော်တို့ ဘယ် လိုစိတ်ဖြေခဲ့ကြသလဲ။ ဘ၀အမောတွေကို ဘယ်လိုဖြေဖျောက်ခဲ့ကြသလဲ။ ဥပမာ - အိမ်ထောင်စုတခုက အိမ်တွင်းရေးအကျပ်အတည်း ပြဿနာတခုကို အိမ်ထောင်ဦးစီးတယောက်က အလိုက်သင့်ကလေးဖြေရှင်းမှုတွေ ရှိခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အနေအထား၊ နိုင်ငံသူ/သားတွေရဲ့ ဓလေ့စရိုက်၊ ကြုံတွေခံစားခဲ့ကြရတဲ့ နိုင်ငံတွင်းအခြေအနေတွေစသည့် ခက်ခဲကြီးမားတဲ့ကိစ္စရပ်တွေအားလုံးကို အလိုက်သင့်ကလေး ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ပွေ့ဖက်နှုတ်ဆက်ပေးရုံလောက်နဲ့ ကျွန်တော်တို့နိုင်ငံသားတွေ ဘ၀အမောမပြေနိုင်ဘူးဆိုတာကို လူငယ်လေးတွေ သတိပြုမိစေချင်ပါတယ်။ တကယ်တမ်း ပြေပျောက်တယ်ဆိုခဲ့ရင်လည်း ''ဒီနေရာတွေ့ ဒီနေရာမေ့''ဆိုတဲ့ ပမွှားကိစ္စရပ်လေးလောက်ပဲ ဖြစ်ပါလိမ့်မယ်။ အမှန်တကယ်ပြေပျောက်ဖို့အတွက်က လုပ်အားနဲ့ လုပ်ခမျှတမှု၊ ၀င်ငွေထွက် ငွေအချိုးသက်ရောက်မှု၊ နေထိုင်မှုစရိတ်စတာတွေလောက်ကသာ လူထုတရပ်လုံးရဲ့ရင်ကို ကြီးစိုးထားတာကြောင့် ပွေ့ဖက်ရုံနဲ့ ဘ၀အမောပြေမယ့် မြန်မာကို ရှာဖို့ခက်ပါလိမ့်မယ်။

_ယဉ်ကျေးမှု မူကွဲ

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြပါတယ်။ ဘာသာပေါင်းစုံလည်းရှိကြပါတယ်။ တောင်ပေါ်က ခရစ်ယာန်ဘာသာကိုးကွယ် တဲ့ ကျွန်တော်သူငယ်ချင်းတွေကို ''တွေ့ရတာ ၀မ်းသာတယ်နော်လို့'' ပြောပြီး လက်ဆွဲနှုတ်ဆက်တာမျိုး၊ ၀မ်းသာအယ်လဲ ပွေ့ဖက်လိုက်တာ မျိုးတွေဟာ အသိအကျွမ်းချင်း၊ ရင်းနှီးသူတွေချင်းတွေအတွက်တော့ ရင်ခုန်စရာမကောင်းသလိုညစ်ညမ်းတဲ့ စိတ်နေစိတ်ထားလည်းမရှိပါဘူး။
ထို့အတူပဲ မွတ်စလင်ဘာသာဆိုလျှင်လည်း ရင်းနှီးသူချင်းတွေကြတဲ့အခါ ''ဆလံမာလေးကွန်း'' ရယ်လို့ ပြောပြီး ပြုံးပြနှုတ်ဆက်ကြပါတယ်။ ဟိန္ဒူဆိုလျှင်လည်း အပြုံးကနေစပြီး နှုတ်ဆက်ကြတာချည်းပါပဲ။ ဗမာများဆိုလျှင်လည်း 'ဟေး' ဆိုတဲ့ ရင်ခေါင်းသံကြီးနဲ့ ပြုံးပြီးနှုတ်ဆက်တတ်ကြတာကို တွေ့ကြရမှာပါ။ ပွေ့ဖက်နှုတ်ဆက်တယ်ဆိုတာဟာ အနောက်နိုင်ငံတွေအတွက်တော့ ယဉ်ကျေးမှုတရပ်ပါပဲ။ သူတို့ရဲ့ ခန္ဓာဗေဒ ဆိုင်ရာခံယူချက်က ဘယ်လိုရှိသလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ခန္ဓာဗေဒဆိုင်ရာခံယူချက်ကတော့ ချစ်ခင်ရင်းနှီးသူချင်းသာလျှင် ပွေ့ဖက်နှုတ်ဆက်ခွင့်ပြုတတ်ကြပါတယ်။
မချစ်ခင်၊ မရင်းနှီးသူတွေက မိမိလက်ကိုသော်လည်းကောင်း၊ မိမိရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုခုကိုသော်လည်းကောင်း ထိခိုက်မိ၊ ပွတ်တိုက်မိရင် စိတ်ထဲ ဘ၀င်မကျတတ်တဲ့လူမျိုးပါ။ တနည်းအားဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ ခန္ဓာဗေဒခံယူချက်က “မိမိကိုယ်ကိုယ်တန်ဖိုးထားတာပါပဲ။ ဒါ ကြောင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရှိနေပေမယ့် မိမိခန္ဓာကိုယ်ကို တန်ဖိုးထားတဲ့ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ ပြုလုပ်နေတဲ့ Free Hugs campaign ဟာ လိုက်လျောညီထွေမရှိတာတော့ အမှန်ပါပဲ။ ဒီတော့ ဒီလုပ်ရပ်ဟာ ဥရောပက ယဉ်ကျေးမှုကို တင်သွင်းလာတဲ့ မူကွဲယဉ်ကျေးမှု တရပ်သာဖြစ်ပါလိမ့်မယ်။

_အမှန်တကယ်နွေးထွေးမှုကို လိုလားတာသေချာလား

အကယ်၍ ''ကျွန်တော်/ကျွန်မတို့ရဲ့ campaign မှာ လာရောက် ပွေ့ဖက်ပြီး နွေးထွေးမှုရှိကြောင်း သက်သေပြခဲ့တာ ရှင်မမြင်ဘူးလား''လို့ ပြောလာခဲ့ရင် ကျွန်တော်တိတိကျကျဖြေပေးနိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ယဉ်ကျေးမှုမတူညီမှု၊ မြန်မာလူမျိုးတွေရဲ့ စိတ်နေသဘောထား၊ နိုင်ငံတွင်း လိုအပ်နေတဲ့ မူဝါဒတွေ အားလုံးကို ခြုံကြည့်လိုက်ရင် အမှန်တကယ်နွေးထွေးမှုကို မလိုပါဘူး။
အမှန်တကယ်နွေးထွေးမှုကြောင့် မဟုတ်ရင် ဘာလဲ။ ကျွန်တော့် Facebook မိတ်ဆွေတယောက်ပြောသလို ''အိမ်က မိန်းမဖက်ရမှာ ပျင်းလို့ လှည်းတန်းက ကောင်မလေး ငယ်ငယ်လေးတွေကိုပဲ သွားဖက် တော့မယ်''ဆိုတာကိုထောက်ကြည့်ရင် ယဉ်ကျေးမှုမတူတဲ့အတွက် အမှန်တကယ်မဟုတ်ပါဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ နိဂုံးချုပ် ပြောချင်တာကတော့ မြန်မာနိုင်ငံက နိုင်ငံသူ/နိုင်ငံသားတွေ လိုအပ် နေတဲ့ဘ၀ အမောဖြေဖျောက်မှုဆိုတာဟာ ပွေ့ဖက်တာ မဟုတ်ပါဘူး။ ဘ၀အမောဖြေဖျောက်ဖို့ လာဖက်ကြတာဆိုရင်လည်း ဘာပဲဖြစ်ဖြစ်ဖက် ကြတာပေါ့နော်။

ဘုန်းစင်ကြယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ပွေ့ဖက်လိုက်ရုံနဲ့ ဘ၀အမောတွေ ပြေမတဲ့လား ပွေ့ဖက်လိုက်ရုံနဲ့ ဘ၀အမောတွေ ပြေမတဲ့လား Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.