နေအိမ်မီးလောင်မှုကြောင့်မိသားစု(၃)ယောက်သေဆုံးမှုဖြစ်


(ကျိုင်းတုံ၊ မေ ၁၄)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပြင်းမြို့နယ်၊ တုံတာမြို့၊ အမှတ်(၂)ရပ်ကွက်တွင် မေလ ၁၂ ရက် ည ၁၀ နာရီကျော်အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းပြီး နေအိမ်ပေါ်တွင် ရှိနေသော မိသားစုဝင်(၃)ဦး မီးခိုးမွှန်ကာ နေအိမ်အပြင်သို့ မထွက်နိုင်ပဲမီးလောင်ဒဏ်သင့်၍ သေဆုံးခဲ့ရ ကြောင်းသိရသည်။

" အိမ်ကဝါးခင်း၊ ဝါးထရံကာ၊ သွပ်မိုးခြေတံရှည် တစ်ထပ်အိမ် ဖြစ်ပါတယ်။ မီးဖိုက မီးကြွင်းမီးကျန်ကတစ်ဆင့် အိမ်ကိုကူးစက်လောင်တာ ဖြစ်ပါတယ်။ မီးလောင်ချိန်မှာ အိမ်ရှင်မိသားစုက အိပ်ပျော်နေပြီး မီးခိုတွေမွှန်တော့ အပြင်မထွက်နိုင်ဖြစ်ပြီး မီးလောင်ဒဏ်သင့် သေဆုံးတယ်လို့ပဲ ယူဆပါတယ်" ဟု တုံတာမြို့မီးသတ်တပ်ဖွဲ့အရာရှိက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

မီးလောင်မှုအား တုံတာမြို့မီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြ၍ (၁၅)မိနစ်အချိန်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း အိမ်ရှင်မိသားစုများအား ကယ်တင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

မီးခိုးမွှန်မီးလောင်အသက်ဆုံးရှုံးခဲ့သူများမှာ ဦး ----၊ အသက်(၃၅)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ မ----၊ အသက်(၂၅)နှစ်နှင့် သားဖြစ်သူ မောင်----၊ အသက်(၂)နှစ်တို့ ဖြစ်ပြီး၊ မီးလောင်မှုဖြစ်ပွားရာသို့ ကျိုင်းတုံမြို့၊ လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဋ္ဌာန တာဝန်ရှိသူများက မေလ(၁၃)ရက်နေ့တွင် သေဆုံးသူများအတွက် ထောက်ပံ့ကူညီလှူဒါန်းငွေ ၃ သိန်းကျပ်အား အိမ်ခွဲနေထိုင်လျှက်ရှိသော မိခင် ဒေါ်ဘူးယု ထံ ပေးအပ်ကူညီခဲ့သည်။

ထက်တိုင်းကျော်
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
နေအိမ်မီးလောင်မှုကြောင့်မိသားစု(၃)ယောက်သေဆုံးမှုဖြစ်  နေအိမ်မီးလောင်မှုကြောင့်မိသားစု(၃)ယောက်သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.