မြို့နယ်စုံမှ ကားပိုင်ရှင်များကို ငွေကြေးမက်လုံးပေး၍ ရက်ပိုင်းလပိုင်း ကားများငှားရမ်းကာ တဆင့်ပေါင်စား ထွက်ပြေးတိမ်းရှောင်နေသူများကို တိုင်းရဲတပ်ဖွဲ့မှုခင်းအကူဌာနစုမှ ဖော်ထုတ်အရေးယူလျက်ရှိ


မြန်မာလူမျိုးများသည်အားနာစိတ်၊ခင်မင်စိတ်၊ ဖော်ရွေစွာဆက်ဆံတတ်သည့်ပြင်စီးပွားရေးမှာ ငွေကြေးနှင့်ပတ်သက်လျှင် လောဘကြီးသူဖြစ်ကြသည်ကို အခွင့်ကောင်းယူတတ်သော ဒုစရိုက်သမားများက ကြိုတင်ကြံစည်၍ အမြတ်ထုတ်ကာ ပြစ်မှုကျူးလွန်လာခဲ့တော့၏။

ထိုသို့ ပြစ်မှုကျူးလွန်ခြင်းကို ခံရသူအများစုမှာ ပြောတိုင်ယုံ၊ ကျွေးတိုင်း စားကြသူများသာ ကြုံတွေ့ခဲ့ရလေ့ရှိ၏။ကားလောကတွင် ဖြစ်ပေါ်ခဲ့သော ကားခိုးမှု၊ ကားလုယက်မှု၊ ကား အရောင်းအ၀ယ်ပြုလုပ်၍ လိမ်လည်မှုများ တနေ့တခြား အမှုတိုးတက် များပြားလာမှုကို ရဲတပ်ဖွဲ့က မျက်ခြည်မပြတ်စုံစမ်းစစ်ဆေးဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့မှုကြောင့် ထိုမှုခင်းဖြစ်ရပ်မှာ သိသာလျော့နည်းကျဆင်းခဲ့ပါသည်။

သို့သော် ယခုအခါ ထိုမှုခင်း ဖြစ်ရပ်မျိုး မကျူးလွန်တော့ဘဲ အုပ်စုဖွဲ့၍ လူတစုက မျက်နှာတန်းမိသောသူနှင့် လူရင်းမိတ်ဆွေများထံ ချဉ်းကပ်ပြီး ငွေကြေးမက်လုံးပေးကာ စည်းရုံးပြောဆို၍ အိမ်စီးကားမျိုးစုံ ကို ရက်ပိုင်းလပိုင်း စပေါ်ငွေနှင့် လကြေးငွေများစွာအပေးပြ၍ စာချုပ်ချုပ်ပြီး ကားအားရအောင်ယူတခြားနေရာတွင် ငွေပြန်ပေါ်အောင် ပေါင်နှံထားသည့် လိမ်လည်မှုများ ပေါ်ပေါက်နေသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ဌာနစုမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ၃၀-၄-၂၀၁၆ ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း အခြားအမှုများဖော်ထုတ်ရမိစေရေးအတွက် နယ်မြေသတင်း စုံစမ်းထောက်လှမ်းနေစဉ် အင်းစိန်မြို့နယ်နေ တာဝန်သိပြည်သူတဦးက ၎င်း၏အလုပ်ရှင် (န၀ဒေးဥယျာဉ်အိမ်ရာ)ခြံအတွင်းသို့ အလုံမြို့နယ်၊ အလုံခန်းမအနီးတွင် နေထိုင်သူ မအိ(စုံစမ်းဆဲ)ဆိုသူမှ မော်တော် ယာဉ်များထားရန် မြေနေရာမရှိသဖြင့် ခေတ္တလာရောက်အပ်နှံထားရှိခဲ့ကြောင်း၊ သို့သော် ပြန်လည်၍ လာရောက်ယူဆောင်ခြင်းမရှိတော့သဖြင့် သွားရောက်စုံစမ်းရာမအိမှလိမ်လည်ပေါင်နှံလက်ခံထားသောကားများ ဖြစ်သည်ဟု သိရှိရကြောင်း၊ အဆိုပါ ကားများကို လှိုင်သာယာမြို့နယ်၊ ပုသိမ်ကားလမ်း SCANIA ကားအရောင်းပြခန်းဘေးတွင် ကိုးစီး၊ ဒိုင်စု ပန်းလှိုင် ဂေါက်ကွင်းနှင့် ဒိုင်စုလမ်းထောင့်တွင် ခုနစ်စီး၊ န၀ဒေးအိမ်ရာ၊ ယူနန်စားသောက်ဆိုင်ဘေး (Shop House) လမ်းတွင် ငါးစီးလာရောက် ပစ်ထားသည်ကို သတင်းပေးမှုကြောင့် သိရှိရသဖြင့် မှုခင်းအကူဌာနစုမှ ဌာနစုမှူးဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သတင်းရရှိသည့်နေရာများသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်မျိုးစုံ ၂၁ စီးအား တွေ့ရှိရ၍ အပ်သည့်ကားသုံးစီး စုစုပေါင်း ၂၄ စီးအား မူလ လက်ရာအတိုင်း မပျောက်မရှအောင် ပြည်သူများ၏အကူအညီကိုရယူ၍ တပ်ဖွဲ့ဝင်များက ကားများတည်ရှိရာ နေရာအသီးသီး၌ ညအိပ်စောင့်ဆိုင်း စေခဲ့ကြောင်း၊ နောက်တနေ့နံနက်တွင် သက်ဆိုင်ရာနယ်မြေဖြစ်သော လှိုင်သာယာသောင်ကြီးရဲစခန်းဝင်းထဲသို့ ကားများကို ပြောင်းရွှေ့စေခဲ့ပြီး သောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူးနှင့် တာဝန်မှူးတို့ထံအပ်နှံကာ ထိုကားများနှင့်ပတ်သက်၍ သတင်းအမှန်ရရှိစေရေးနှင့် ကားပိုင်ရှင်များအား ဆက်သွယ်၍ စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုကားများမှာ ကားပိုင်ရှင်များက နှစ်ချုပ်၊ လချုပ်ဖြင့် ငှားရမ်းထားကြရာမှ ယခုကဲ့သို့ အလိမ်ခံရမှန်း သိရှိခဲ့ရကြောင်း၊ ထိုကားများကိုအငှားပြပြီးအပေါင်ထားခဲ့ကြသူများမှာ ငွေကြေးလိုက်လံလိမ်သူများဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ထိုကားငှားလိမ်လည်နှင့်ပတ်သက်၍ သာကေတမြို့နယ်နေသူ ကား ပိုင်ရှင်တရားလို ဒေါ်တင်ထွေးမြိုင်မှ မစန္ဒာကျော် (၄၁)နှစ် (ဘ)ဦးကျော်ဌေး၊ အမှတ် (၂၈၅)၊ အနော်ရထာလမ်းနှင့် (၆)လမ်းထောင့်၊ (၂)ရပ်ကွက် လမ်းမတော်မြို့နယ်နေသူထံ စပေါ်ငွေငါးသိန်း၊တလသုံးသိန်းငါးသောင်းဖြင့် သုံးလစာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာ တလပြည့်သည့်နေ့တွင် ငှားရမ်းခငွေနှင့် ကားအားလာရောက်အပ်နှံခြင်းမရှိဘဲ တိမ်းရှောင်နေသဖြင့် ၄-၅-၂၀၁၆ ရက်တွင် သာကေတမြို့မရဲစခန်း(ပ)၃၆၈/၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ခဲ့ပြီး

၂၀-၃-၂၀၁၆ရက်တွင်တရားလိုဦးသန်းထိုက်အောင်အင်းစိန်မြို့နယ်နေ
သူမှ၎င်း၏ကားသုံးစီးကိုဦးမင်းကိုကို၊ အမှတ်(၆၈) (၃/ဘီ) ဈေးကြီးလမ်း၊ ဈေးကြီး/အရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူမှ ၂၀-၄-၂၀၁၆ ရက်ထိ တနှစ်ကာလအတွက် ငွေကျပ်သိန်း ၂၀ ဖြင့် ငှားရမ်းခဲ့ရာ တလပြည့်ပြီးနောက်ပိုင်း ယနေ့အထိ ငှားရမ်းခငွေနှင့် ကားသုံးစီးအား လာရောက်အပ်နှံခြင်းမရှိဘဲ တိမ်းရှောင်နေပြီး ယခုမှ ကားအား လိမ်လည်ရယူ သွားပြီး ပေါင်နှံလက်ခံထားသူမှတဆင့် သက်ဆိုင်ရာမှ သိမ်းဆည်းထားရာမှ ဆက်သွယ်အသိပေး၍ ၉-၅-၂၀၁၆ ရက် စမ်းချောင်းမြို့မရဲစခန်း (ပ)၁၆၄/၁၆ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် အရေးယူခဲ့ရကြောင်း၊ ထို့အပြင် ၁၆-၁၂-၂၀၁၅ ရက်နေ့ ညနေ(၁၆း၀၀)နာရီ တရားလို ဒေါ်နီနီလှိုင် မင်္ဂလာဒုံမြို့နယ်နေသူမှလည်း ၎င်း၏မော်တော်ယာဉ်ကို ဦးတင့်လွင်ဦး၊ အမှတ်(၁၁၁၁)မိုးမခလမ်း (၄၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်နေသူမှ တလသုံးသိန်းငါးသောင်း စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွက် ငှားရမ်းငွေလာပေးခဲ့သော်လည်း (၁၆-၃-၂၀၁၆) ရက်တွင် မတ်လအတွက် ငွေလာရောက်ပေးသွင်းခြင်းမရှိ သဖြင့် လိုက်လံစုံစမ်းခဲ့ရာ ဦးတင့်လွင်ဦးသည် အခြားသူများထံမှလည်း ကားများငှားပြီး လိမ်လည်သွား၍ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သိရှိရသဖြင့် ၎င်းမှလည်း မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ)၂၄၂/၁၆ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရှိရ၏။

ထို့အပြင် (၁၂-၃-၂၀၁၆)ရက်တွင် တရားလို ဦးချမ်းမြေ့စိုးသိန်း စမ်းချောင်းမြို့နယ်နေသူမှလည်း ၎င်း၏ ကားအား ဒေါ်ခိုင်ရွှေဝါ အမှတ် (၈၃/၈၄) အခန်း (၀၀၁)သုခလမ်း၊ လှိုင်မြို့နယ်နေသူမှ တလငွေ (ငါးသိန်း ငါးသောင်း)ဖြင့် သုံးလစာချုပ်ချုပ်ဆို ငှားရမ်းခဲ့ရာ တလစာပေးပြီးနောက် တိမ်းရှောင်နေသဖြင့် (၅-၅-၂၀၁၆) ရက်တွင် စမ်းချောင်းမြို့မရဲစခန်း (ပ)၁၅၈/၁၆ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ခဲ့သည်။

(၁၆-၁၂-၂၀၁၅)ရက် ညနေ (၁၆း၀၀)နာရီ တရားလို ဦးတင့်လွင် စမ်းချောင်းမြို့နယ်နေသူမှလည်း ၎င်း၏ယာဉ်အား ဦးတင့်လွင်ဦး တိုက်(၃) အခန်း(၁) ကမ္ဘာအေးအိမ်ရာ၊ မရမ်းကုန်းမြို့နယ် လိပ်စာနေသူမှ တလငါးသိန်း၊ နှစ်လစာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာ ငှားရမ်းခကျပ် ၁၀ သိန်းပေးခဲ့သော်လည်း သတ်မှတ်ရက်ပြည့်သော်လည်း လာရောက်အပ်နှံခြင်းမရှိသဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ (ပ)၁၅၄/၁၆ ပြစ်မှုဆိုင်ရာပုဒ်မ ၄၂၀ အရ ဆောင်ရွက်ပေးထားကြောင်းနှင့် (၂၈-၂၂၀၁၆)ရက်ည(၂၁း၃၀)နာရီတရားလိုဒေါ်မြင့်မြင့်ဝင်း မြောက်ဥက္ကလာပမြို့နယ်နေသူမှလည်း ၎င်း၏ ယာဉ်အား ဦးတင့်လွင်ဦးဆိုသူမှပဲ တလသုံးသိန်းငါးသောင်းဖြင့် သုံးလ စာချုပ်ချုပ်ဆိုငှားရမ်းခဲ့သော်လည်း တလပြည့်သည့်အခါ ငွေလာရောက်ပေးသွင်းမှုမရှိဘဲ တိမ်းရှောင် နေပါသဖြင့် မြောက်ဥက္ကလာပရဲစခန်းတွင် (ပ)၄၉၉/၁၆ ပြစ်မှု ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

(၁၅-၂-၂၀၁၆)ရက်တွင် တရားလိုဦးသန်းထွန်း ဗိုလ်တထောင်မြို့နယ်နေသူမှလည်း ၎င်း၏ယာဉ်ကို ဦးတင့်လွင်ဦးဆိုသူမှ တလ သုံးသိန်းငါးသောင်း တလစာသာပေးပြီးနောက် လူနှင့်ကားပါပျောက်ဆုံးနေသဖြင့် စုံစမ်းရာ တခြားသူများ လည်း ၎င်းနည်းတူ အလိမ်ခံထားရကြောင်းသိရ၍ ဗိုလ်တထောင်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ (ပ) ၉၃/၁၆ ပုဒ်မ ၄၂၀ ဖြင့် ဆောင်ရွက်ပေးထားပြီး
(၁၉-၁-၂၀၁၆)ရက်တွင်လည်း တရားလို ဦးအောင်မျိုးဦး တာမွေမြို့နယ်နေသူမှလည်း ၎င်း၏ကိုယ်ပိုင်ယာဉ်ကို သူရိန်မျိုးညွန့်(၁၈)နှစ် (ဘ)ဦးအောင် သိန်းညွန့် အမှတ်(၄၀၈)၊ ပုဇွန်တောင် ဥယျာဉ်အိမ်နေထိုင်သူမှ ကြိုတင်လစာငွေ လေးသိန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့ ငှားရမ်းခဲ့ရာ တလပြည့်သည့်အခါ ကားနှင့်လူပါ ပျောက်ဆုံးသွားသဖြင့် စုံစမ်းရာ ၎င်းကားအား မင်္ဂလာတောင်ညွန့်မြို့နယ်နေသူထံ ငွေသိန်း ၃၀ ဖြင့် ပေါင်နှံထားကြောင်း သိရှိရသဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်ရာ(ပ)၃၃၄/၁၆ ပုဒ်မ ၄၂၀ ဖြင့် အရေးယူထားသည်။

(၂၂-၁-၂၀၁၆)ရက် တွင်လည်း တရားလို ဒေါ်သန်းသန်းအေး သင်္ဃန်းကျွန်းမြို့နယ်နေသူမှလည်း ၎င်း၏ကိုယ်ပိုင်ယာဉ်အား ဦးတင့်လွင်ဦးဆိုသူမှ တရက် ကိုးသောင်း ဖြင့် ၅ ရက်ငှားရမ်းခဲ့ရာ ၅ ရက်ပြည့်သော် ကားပြန်မအပ်ဘဲ တိမ်းရှောင်နေပါသဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ (ပ)၃၄၆/၁၆ ပုဒ်မ ၄၂၀ ဖြင့် အရေးယူထားပြီး (၂၂-၁၂-၂၀၁၅)ရက်တွင် တရားလို ဦးကျော်ဇေယျ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေသူမှ ၎င်း၏ကိုယ်ပိုင်ယာဉ်အား ဦးတင့်လွင်ဦးဆိုသူမှ တလ လေးသိန်းငါးသောင်းဖြင့် ခြောက်လ ငှားရမ်းခဲ့ရာ တလစာငွေပေးပြီး ကျန်လများလာမပေးသည့်အပြင် ကားနှင့် လူပါပျောက်နေသဖြင့် ဒဂုံ(မြောက်)ရဲစခန်းတွင် အမှုဖွင့်သွားရာ (ပ)၄၆၀/၁၆ ပုဒ်မ ၄၂၀ ဖြင့် အရေးယူထားရှိပြီး (၁၅-၁၂-၂၀၁၅)ရက်တွင်လည်း တရားလို ဦးကျော်ခိုင်လင်း၊ စမ်းချောင်းမြို့နယ်နေသူမှ လည်း ၎င်း၏ ယာဉ်အား ဦးတင့်လွင်ဦးဆိုသူမှ တလ သုံးသိန်းငါးသောင်းဖြင့် ငှားရမ်းခဲ့ပြီး နှစ်လငှားရမ်းခငွေ လာပေးပြီး သုံးလမြောက်နေ့ ငွေမပေးသည့်ပြင် ကားနှင့်လူပါပျောက်နေ၍ စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ရာ (ပ)၁၅၀/၁၆ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် အရေးယူဆောင်ရွက်ထားရှိသည်။

တရားလိုဦးလှဘို၊ကမာရွတ် မြို့နယ်နေသူမှလည်း၎င်း၏ယာဉ်အား ဒေါ်မာလာဆွေ(စုံစမ်းဆဲ)မှ တလငွေကျပ် ခုနစ်သိန်းငါးသောင်းဖြင့် ငှားရမ်းခဲ့ပြီး တခြားသူအား ပေါင်နှံထားကြောင်းသိရှိရ၍ (၂-၅-၂၀၁၆)ရက် ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ (ပ)၂၃၅/၁၆ ပုဒ်မ ၄၂၀ အရ အရေးယူထားပြီး တရားလိုဦးကျော်မင်းဦး လှိုင်သာယာမြို့နယ်နေသူမှလည်း ၎င်း၏ယာဉ်အား ဒဂုံမြောက်နေထိုင်သူ ရဲနောင်(စုံစမ်းဆဲ)ကလုပ်ငန်းသုံးရန်အတွက် ခေတ္တငှားရမ်းရန်ပြောဆိုသဖြင့်၎င်း၏ကားအားအလုံမြို့နယ်၊ဂဠုန်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းတွင် ကားအားပေးအပ်ခဲ့ရာ ကားနှင့်လူ ပျောက်ဆုံးနေသဖြင့် စုံစမ်းရာ အလုံခန်းမအနီး နေထိုင်သူ မအိထံတွင် ပေါင်နှံထားပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသဖြင့် အလုံမြို့မရဲစခန်းတွင် အမှုဖွင့်ရာ (ပ)၁၄၀/၁၆ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ခဲ့ပြီး (၂၅-၁-၂၀၁၆)ရက်တွင် တရားလို ဦးသန်းထိုက်အောင် အင်းစိန်မြို့နယ်နေသူမှ ၎င်း၏ကိုယ်ပိုင်ယာဉ်အား ဦးမင်းကိုကို အမှတ်(၆၈) (၃/ဘီ) ဈေးကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်နေသူအား တလသုံးသိန်း ဖြင့် ငှားရမ်းခဲ့ရာ တလစာသာရပြီး ကျန်လ အတွက် ငွေလာမပေးသည့် အပြင် ကားနှင့်လူပါပျောက်ဆုံးနေသဖြင့် စမ်းချောင်းမြို့မရဲစခန်း၌ အမှု ဖွင့်ခဲ့ရာ (ပ)၁၆၃/၁၆ ပုဒ်မ ၄၂၀ ဖြင့် အရေးယူဆောင်ရွက်ထားခဲ့သည်။

ဤအမှုဖြစ်စဉ်အားဖော်ထုတ်၍ လိမ်လည်ခံထားရသော ကားမျိုးစုံ ကို အလိမ်ခံခဲ့ရသောကားပိုင်ရှင်များအား သက်ဆိုင်ရာနယ်မြေရဲစခန်း အသီးသီးတွင် တရားဥပဒေနှင့်အညီဖြစ်စေရန် အမှုဖွင့်ဆောင်ရွက်စေခဲ့ပြီး ကျန်ရှိယာဉ်များနှင့်ပတ်သက်၍လည်း အမှုဖွင့်ဆောင်ရွက်နိုင်စေရန် ယာဉ်ပိုင်ရှင်များအားဆက်သွယ်ခဲ့သည်။

ယာဉ်နှင့်ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပါ ချိတ်ဆက်၍ မှုခင်းအကူဌာနစုမှ ရဲလုပ်ငန်းနှင့်အညီ တာဝန်အရ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်ထိုမော်တော်ယာဉ်များအားလှိုင်သာယာတွင်လာရောက်အပ်နှံထားပြီး တိမ်းရှောင်နေသည့် မအိဆိုသူနှင့် ကားများအား အငှားပြ၍တဆင့်ပေါင်ကာ ထွက်ပြေးတိမ်းရှောင်နေသူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိသည်။

ဤမှုခင်းဖြစ်စဉ်များကို တရားလိုဖြစ်သူများနှင့် ပြည်သူများအနေဖြင့်လည်း လူရင်းမိတ်ဆွေများဖြစ်သော်လည်း ပြောတိုင်းမယုံစေရန်နှင့် လိမ်နည်းအသစ်များ သတိထားစေရန် ဤသတင်းဖြစ်ရပ်ဖြင့် သတိပေးရေးသားလိုက်ရပါသည်။

ရွှေကသစ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြို့နယ်စုံမှ ကားပိုင်ရှင်များကို ငွေကြေးမက်လုံးပေး၍ ရက်ပိုင်းလပိုင်း ကားများငှားရမ်းကာ တဆင့်ပေါင်စား ထွက်ပြေးတိမ်းရှောင်နေသူများကို တိုင်းရဲတပ်ဖွဲ့မှုခင်းအကူဌာနစုမှ ဖော်ထုတ်အရေးယူလျက်ရှိ မြို့နယ်စုံမှ ကားပိုင်ရှင်များကို ငွေကြေးမက်လုံးပေး၍ ရက်ပိုင်းလပိုင်း ကားများငှားရမ်းကာ တဆင့်ပေါင်စား ထွက်ပြေးတိမ်းရှောင်နေသူများကို တိုင်းရဲတပ်ဖွဲ့မှုခင်းအကူဌာနစုမှ ဖော်ထုတ်အရေးယူလျက်ရှိ Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.