ပါလီမန်ထဲ ဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသမားတွေကို ဖမ်းဖို့ အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်

အန္တရာယ် ကင်းစင် နယ်မြေ အဖြစ် သတ်မှတ် ထားတဲ့ Green Zone ထဲမှာ တည်ရှိတဲ့ အီရတ် ပါလီမန် အဆောက်အဦ ထဲထိ ရောက်အောင် ဆန္ဒပြ သမားတွေ ဝင်ရောက် နိုင် ခဲ့တာ ဖြစ်ပါတယ်။
အီရတ် ပါလီမန် ထဲကို စနေနေ့က ဝင်ရောက် စီးနင်းပြီး လုံခြုံရေး ဝန်ထမ်းတွေနဲ့ အမတ်တွေကို တိုက်ခိုက် ခဲ့ကြတဲ့ ဆန္ဒပြသမားတွေကို ဖမ်းဆီးဖို့ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက အမိန့် ထုတ်လိုက်ပါတယ်။

အခုအချိန် ထိအောင် ပါလီမန် အဆောက်ဦ ရှေ့မှာ ရာဂဏာန်း တချို့ ရှိတဲ့ ဆန္ဒပြသမားတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။

ဘဂ္ဂဒက် မြို့လယ်မှာ လုံခြုံရေး အထူထပ်ဆုံး အန္တရာယ် ကင်းစင် နယ်မြေ အဖြစ် သတ်မှတ် ထားတဲ့ Green Zone (အစိမ်းရောင်ဇုံ) ထဲမှာ တည်ရှိတဲ့ အီရတ် ပါလီမန် အဆောက်အဦ ထဲထိ ရောက်အောင် ဆန္ဒပြ သမားတွေ ဝင်ရောက် နိုင် ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသမား အများစုဟာ ရှေးရိုးစွဲ ရှီအာ ဘာသာရေး ခေါင်းဆောင် မွတ်ခ်တာဒါ အယ်လ် ဆားဒါး ကို ကြည်ညို ကြသူတွေ ဖြစ်ပြီး၊ အကျင့်ပျက် ခြစားမှုကို ကိုင်တွယ်ရေး အတွက် လိုအပ်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးတွေကို အီရတ် ပါလီမန်က အတည်ပြုပေးဖို့ရာ ပျက်ကွက်လို့ ဆိုပြီး ဆန္ဒပြ သမားတွေက ဒေါသထွက် နေကြတာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ အီရတ် တောင်ပိုင်းမြို့ ဆမားဝါး မှာ ကားဗုံး နှစ်လုံး ခွဲ တိုက်ခိုက် ခံလိုက် ရလို့၊ အနည်းဆုံး လူ ၁၄ ဦး သေဆုံး သွား ပါတယ်။

တစ်လုံးက ပြည်နယ် အစိုးရ အဆောက်အဦကို ပစ်မှတ် ထား ခွဲခဲ့တာ ဖြစ်ပြီး၊ နောက်တစ်လုံး ပေါက်ကွဲ ခဲ့တာ ကတော့ အနီးက ဘတ်စ်ကား ဂိတ်မှာ ဖြစ်ပါတယ်။

ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာကတော့ မသိရ သေးပါဘူး။

BBC Burmese
http://www.bbc.com/burmese
ပါလီမန်ထဲ ဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသမားတွေကို ဖမ်းဖို့ အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်  ပါလီမန်ထဲ ဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသမားတွေကို ဖမ်းဖို့ အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ် Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.