ဗြဟ္မစိုရ်တရားကို အခြေခံ၍ အမျိုးဘာသာ/သာသနာ ထွန်းကားအောင် အသက်ကိုမငဲ့ဘဲ ကြိုးပမ်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အစိုးရအဖွဲ့သစ်အနေဖြင့် ဘုရားရှင်၏ အဆုံးအမဖြစ်သော ဗြဟ္မစိုရ်တရားကို အခြေခံ၍ အမျိုး/ဘာသာ/သာသနာ အကျိုးစီးပွားကို ထွန်းကားအောင် အသက်ကိုမငဲ့ဘဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၄ ရက်နေ့ ၉ နာရီအချိန် ကမ္ဘာအေးကုန်းမြေ၊ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပပြုလုပ်သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲ အခမ်းအနားတွင် သာသနာရေးဆိုင်ရာ လျှောက်ထားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
“အစိုးရအဖွဲ့သစ်အနေနဲ့ ဘုရားရှင်၏ အဆုံးအမ ဗြဟ္မစိုရ်တရားကျင့်စဉ်ကို အခြေခံပြီး မြန်မာနိုင်ငံတော်ရဲ့ အမျိုး/ဘာသာ/သာသနာ အကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ခံယူထားပါတယ်။ ဗြဟ္မစိုရ်တရားကျင့်စဉ်ကို အခြေခံပြီး တရားဥပဒေ၊ စိုးမိုးရေး၊ တန်းတူညီမျှရေး၊ အာဂတိတရားလေးပါးလိုက်စားမှု ကင်းရှင်းရေး၊ လူတန်းစေ့မွေးရာပါအခွင့်အရေး မဆုံးရှုံးစေရေးတို့အတွက် ကိုယ့်နှင့်အသက်ကို မငဲ့ကွက်ဘဲ ကြိုးပမ်းဆောင်ရွက်မည်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုအများဆုံးရှိသော နိုင်ငံတနိုင်ငံဖြစ်ပြီး နိုင်ငံအတွင်းရှိ မြန်မာလူမျိုးများအပါအ၀င်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကိုးကွယ်ရာ ဘာသာဝင်အသီးသီးတို့ကိုလည်း ဗြဟ္မစိုရ်တရားကျင့်စဉ်ဖြင့် ကူညီစောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အချင်းချင်း၊ ကိုးကွယ်ရာဘာသာအယူဝါဒရှိသူ အချင်းချင်းတို့အကြားတွင် ယုံကြည်ခြင်း၊ စာနာနားလည်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်၊ အကျိုးလိုလားခြင်းတို့ ကို အခြေခံလျက်အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်ရှိကြမှသာလျှင် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်အား တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ဘာသာဝင်အသီးသီးအနေဖြင့် မိမိတို့ဘာသာ၏ စစ်မှန်ငြိမ်းချမ်း သော အဆုံးအမများကို လိုက်နာကျင့်သုံးနေထိုင်ကြပြီး ငြိမ်းချမ်းညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှု လျက် နိုင်ငံတော်ငြိမ်းချမ်းဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လျှောက်တင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်က “ဘုန်းကြီးတို့ကတော့ သာသနာတော်အတွက် ဆောင်ရွက်ရာမှာ သာသနာသန့်ရှင်း တည်တံ့ပြန့်ပွားရေးကိုသာ ဆောင်ရွက်တာဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့နှီးနွယ်တဲ့ကိစ္စရပ်ကို ဆောင်ရွက်ခြင်း မပြုပါဘူး၊ မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်မှာ ၄၇ သန်းကျော် ပြည်သူတွေက ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေရဲ့ ဆန္ဒနဲ့ လိုလားချက်တွေကို သာသနာတော်နဲ့ ဒကာ၊ ဒကာမတွေရဲ့ အရေအတွက် ဆောင်ရွက်ပေးရတာလည်း ရှိတယ်” ဟု မိန့်ကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူမှုသည် အစိုးရသစ်လက်ထက်ပထမဆုံး အကြိမ်ဖြစ်ပြီး အဆိုပါ သြ၀ါဒခံယူပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အစိုးရအဖွဲ့အားလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်လေး/ချစ်ကို
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဗြဟ္မစိုရ်တရားကို အခြေခံ၍ အမျိုးဘာသာ/သာသနာ ထွန်းကားအောင် အသက်ကိုမငဲ့ဘဲ ကြိုးပမ်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Reviewed by THITHTOOLWIN
on
15:49
Rating: