ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ကယ်ထုတ်လိုက်နိုင်( ဓါတ်ပုံ -MAT) |
အနည်းဆုံး တနှစ်ကျော်ကနေ ၃ နှစ်ကျော်ထိ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦး ထဲမှာ အသက်အငယ်ဆုံး ၂၁ ကနေ အသက်အကြီးဆုံး ၆၄ နှစ်ပါဝင်တာပါ။ သူတို့တွေဟာ အလုပ်အကိုင်ရှာဖွေဖို့လာရင်းနဲ့ လူပွဲစားတွေက ငါးဖမ်းလှေပေါ်မှာ ရောင်းစားသွားတဲ့ အတွက် ထွက်ပြေးလို့မရပဲ လှေပေါ်မှာ ငွေကြေးအနည်းငယ်နဲ့ ကျွန်တွေသဖွယ် အလုပ်ခိုင်းစေခံရကြောင်း ဒီကနေ့လွတ်မြောက်လာတဲ့ လှေလုပ်သားတဦးက ပြောပြပါတယ်။
“ကျနော်ဒီလှေကိုရောက်တာ၊ လေပေါ်မှာလုပ်တာ ၃ နှစ် နဲ့ ၃ လ ရှိပြီ။ ကျနော့်ကိုခေါ်လာတော့ ဒီမှာ လုပ်ရမယ်ဆိုပြီးခေါ်လာတာ။ ကျနော်တို့ ငြင်းလို့မရဘူး၊ ကျနော်တို့မှာ ပိုက်ဆံ အကြွေးရှိတယ်တဲ့။ တကယ်လို့ ကျနော်တို့ မလုပ်ဘူးဆိုရင် သူတို့က ရိုက်မယ်နက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကြောက်လို့ လုပ်နေရတာ။ အဲဒီတော့ ကျနော်လုပ်တာ ၂ နှစ် ၃ လ ၁၉ ရက်ကျတော့ ထွက်ပြေးတယ် တခေါက် ၊ ကျနော်မလုပ်နိုင်လို့ ထွက်ပြေးတယ် တခေါက်။ ထွက်ပြေးတော့ ကျနော်အပြင်မှာ ၈ လကျော်ကြာတယ်။ နောက်ကျနော့မှာ ဘတ် (နေထိုင်ခွင့်ကဒ် ) မရှိလို့ ဘတ်သွားရိုက်တော့ ဒီသူဌေးနဲ့ပြန်တွေ့တော့ ကျနော့်ကိုခေါ်လာတယ်။ မင်းပိုက်ဆံတွေပြန်ပေးမယ်၊ မင်းပြန်ဆင်းရင်ပြန်ပေးမယ်ဆိုပြီးတော့ သူပြန်လုပ်ခိုင်းတာ ၁၁ လကျော်သွားပြီ။ အရင်ပိုက်ဆံလည်းမရသေးဘူး၊ အခုပိုက်ဆုံလည်းမရသေးဘူး။”
သူတို့ဟာ ကူညီကယ်ဆယ်တဲ့အဖွဲအစည်းရဲ ဖုန်းနံပါတ်တွေကို ရရှိခဲ့တာကြောင့် သူတိုကိုအကူညီပေးဖို့ တောင်းဆိုခဲ့ရာကနေ အခုလိုမျိုးလွတ်မြောက်လာခဲ့တာလို့ဆိုပါတယ် ဒီအတွက် လှေပေါ်မှာနေထိုင်ရတဲ့အခြေအနေကိုလည်းရှင်းပြပါတယ်။
“ညဘက်ကျတော့လည်း ထမင်းတောင်ငတ်တယ်။ လာကယ်တဲ့ သူတွေကိုတွေ့တော့ ကျနော်တအားစိတ်ထဲမှာပျော်တယ်။ မြန်မာတွေအများကြီးနဲ့လည်း တွေ့ချင်တယ်။”
ထူးခြားတာက အလုပ်သမားတွေမှာ လက်မှတ်တွေရှိနေပြီး အလုပ်ပိုင်ရှင်က သိမ်းဆည်းထားသလိုလုပ်အားခတွေကိုလည်း မပေးပဲလုပ်ဆောင်ထားတယ် လို့ဆိုပါတယ်။ သူတို့လွတ်မြောက်ရေးကိုလုပ်ဆောင်ခဲ့တဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲရဲ့ အမူဆောင်ဒါရိုက်တာဦးကျော်သောင်းကတော့ သူတို့ကို ကယ်ဆယ်ပြီးအမြန်ဆုံးနေရပ်ရင်းပြန်အောင် နှစ်နိုင်ငံအစိုးရတွေက စီစဉ်ဆောင်ရွက်ဖိုလိုတယ်လို့ပြောဆိုလိုက်ပါတယ်။
“အလုပ်သမားတွေက ကမ်းကိုတခါကပ်လာလို့ရှိရင် ၂၀၀၊ ၃၀၀ မုန့်စားဖို့ အရက်သောက်ဖို့ လောက်ပဲရတယ်။ မြန်မာပြည်ပြန်ချင်ရင်လည်း မပြန်ရဘူး။ ဒီအထဲမှာ အလုပ်သမား ၂ ယောက်က ပက်စပို့လည်းပါတယ်။ ကျန်တဲ့ အလုပ်သမား၁၁ ယောက်က ဘတ် လုပ်ထားတယ်။ ဒီအလုပ်သမားတွေရဲ့ဘတ် တို့ ပက်စပို့တို့ကို သိမ်းထားတယ်။ ကမ်းကိုတောင် ကပ်ခွင့်မရှိဘူး။ ကမ်းကို ခိုးကပ်ပြီးနေမယ်ဆိုရင်လည်း ချက်ချင်းပြန်ထွက်ရတယ်။ ကျနော်တို့ကတော့ အလုပ်သမားတွေ လုပ်အားခတွေဘာတွေရလို့ရှိရင်တော့ မြန်မာပြည်ပြန်ရင်ကောင်းပြီလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့၁၁ လပိုင်းက ကတန် မှာဖမ်းခဲ့တဲ့ အလုပ်သမားတွေ လည်းအခုထိ အိမ်မပြန်ရသေးဘူး။ဇန်န၀ါရီ ၂၈ ရက်နေ့က ဖူးခတ်မှာ ဖမ်းမိခဲ့တဲ့ အလုပ်သမား ၃၂ ယောက်လည်း အခုထိ မပြန်ရသေးဘူး။ ကျနော်တို့ဘ၀ဟာ ရေနွေးပူအိုးထဲကနေ ဆီပူအိုးထဲပြောင်းသလိုပဲ လူကုန်ကူးမှုဥပဒေတွေက ထိုင်းနိုင်ငံမှာဖြစ်နေတယ်။”
မကြာသေးခင်တုန်းကပဲ ထိုင်းနိုင်ငံမဟာချိုင်မှာရှိတဲ့ ရေလုပ်သား ၅သောင်းလောက်ဟာ ရေလုပ်ငန်းခွင်ကိုပြန်ရောက်လာခြင်းမရှိတဲ့အတွက် ရေလုပ်ငန်းရှင်တွေကလုပ်သားရှားပါးမူကိုကြုံနေရကြောင်း ပြောဆိုကြပါတယ်
မြန်မာနိုင်ငံက ရေလုပ်သားတွေဟာ လူကုန်ကူးခံရပြီးတော့ ဒေသတွင်းငါးဖမ်းလှေတွေမှာ ရောင်းစားတာခံကြရတဲ့ သတင်းတွေကလည်း မကြာခဏဆိုသလို ထွက်ထားဖူးပါတယ်။ ဒီအခြေအနေအပေါ် လူအခွင့်ရေးအဖွဲအစည်းတွေက ဝေဖန် ပြစ်တင်ကြသလို ထိုင်းနိုင်ငံရဲပင်လယ်စာတွေကို နိုင်ငံတကာမှာဝယ်ယူသုံးစွဲတာတွေ ပိတ်ပင်ဖို့အထိ ပြောဆိုနေကြတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ အလုပ်သမားတင်သွင်းဖို့က နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်းဘန်ကောက်မြိုမြန်မာအလုပ်သမားသံအရာရှိဦးအောင်ကိုသန့်ကလည်း VOA က ဆက်သွယ်မေးမြန်းစဉ်မှာပြောဆိုပါတယ်။
ဒါပေမဲ့လူကုန်ကူးခံရတဲ့မြန်မာတွေကတော့ ရေလုပ်ငန်းတွေမှာမြန်မာတွေကို တင်သွင်းတာ မလုပ်စေချင်ဘူးလို့ အခုလိုပြောပါတယ်။
“ကောင်းတဲ့ သူဌေးပဲဖြစ်ဖြစ်၊ မကောင်းတဲ့ သူဌေးပဲဖြစ်ဖြစ် ပင်လယ်အလုပ်ကတော့ ကျနော်တို့မြန်မာပြည်သားတွေကိုမလုပ်စေချင်ဘူး။ ပင်လယ်အလုပ်က အသက်နဲ့ ရင်းပြီးလုပ်နေရတာ၊ ရေပေါ်မှာပဲ နေနေရတာ။ တချို့ဒီအထဲမှာ ရေကူးတက်တဲ့လူရှိတယ်၊ မကူးတက်တဲ့လူရှိတယ်။ ရေမကူးတက်တဲ့လူ ပြုတ်ကျသွားရင် သေပြီပေါ့။ တချို့ကျတော့ အသက်တွေကြီးနေပြီ အိမ်လည်းမပြန်နိုင်ဘူး။ တချို့ကျတော့ ပိုက်ဆံရတဲ့ သူဌေးရှိသလို၊ မရတဲ့သူဌေးတွေလည်းရှိတယ်။အသက်တွေဆုံးရူံးသွားတာ ဒီနိုင်ငံမှာ မြန်မာတွေအများကြီးပဲ။ အိမ်ကလည်းမသိရဘူး။ တချို့ဆို မိသားစုက သေလား၊ ရှင်လားဆိုတာ မသိရဘူး။မလုပ်စေချင်ဘူးပေါ့ ကျနော်ကတော့ မသွင်းစေချင်ဘူးပေါ့နော် မြန်မာတွေကို လှေလုပ်သားအဖြစ်နဲ့ ။ ကျနော်တို့လိုပဲ ထွက်ပြေးကြတဲ့လူတွေအများကြီးပဲ ။ တချို့တွေကျတော့ အပြင်မှာပဲ လုပ်စားနေကြရတယ်။ ထွက်ပြေးတဲ့လူက ရေတွက်လို့တောင်မနိုင်ဘူး။ တော်ကြာ ခုန်ချသွားပြန်ပြီ ၃၊ ၄ ယောက် အဲလိုမျိုးတွေ။”
ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့ဟာ လူကုန်ကူးခံရပြီး များသောအားဖြင့် ငါးဖမ်းလှေတွေနဲ့ ရေထွက်ပစ္စည်းတွေထုတ်လုပ်တဲ့ အလုပ်ရုံတွေမှာ ရောင်းစားခံရမူတွေ ရှိနေတယ်လို့ လူအခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားခံထားရသူ ၁၃ ဦး လွတ်မြောက်
Reviewed by THITHTOOLWIN
on
20:48
Rating: