ပူတာအို- မြစ်ကြီးနား ကားလမ်းကြောင့် ကားသမားများ အခက်တွေ့

မြစ်ကြီးနား - ပူတာအို ကားလမ်း
အချိန်အခါမဟုတ် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ပူတာအို-မြစ်ကြီးနားကားလမ်း၊ မြေသားလမ်း များပျက်စီးကာ သွားလာရေး အခက်အခဲများ ကြုံနေရကြောင်း ယာဉ်မောင်းကိုခွန်နော်က ပြောသည်။
"ဒီလမ်းကြောက မနှစ်ကဒီအချိန်မှာ ဒီလိုမခက်ဘူး။ ဒီနှစ်မှာ အရင်နှစ်ကထက်အဆမတန်ခက်ခဲ တယ်။ မနှစ်ကဆိုရင် တစ်ရာသီကို ဆယ်ခေါက်ကျော်လောက်ရတယ်။ ဒါပေမဲ့ဒီနှစ်ဆိုရင် ၅ ခေါက် လောက်ပဲရတယ်။ လမ်းခက်ခဲလို့ လမ်းမှာရိက္ခာပျက်လိုက်၊ ရေမရှိတဲ့နေရာမျိုးမှာဆိုရင် ပိုဒုက္ခရောက်တယ်။ ဆောက်လုပ်ရေးကလည်း လမ်းချဲ့တဲ့အခါ မြေမာလမ်းကိုချဲ့တာ။ လမ်းအမာပေါ်ကို မြေကြီးဖို့ထားတယ်။ ပိုဆိုးတာက ကျောက်ခဲကိုထုတ်ပြီး မြေကြီးဖို့တာမျိုးပေါ့။ ကျွန်တော်တို့ ကားသမားတွေက အခုအသစ်တက် လာသည့် အစိုးရအသစ်ကို ဒီလမ်းကိုအမြန်ဆုံး ကောင်းအောင်လုပ်ပေးစေချင်ပါတယ်"ဟု ကိုခွန်နော်က ပြောသည်။

အဆိုးဆုံးနေရာမှာ အင်ကောမရွာနှင့် ခင်ဒူယန်ရွာကြားလမ်းဖြစ်ကြောင်းသိရပြီး ဆိုင်ကယ်သမား များဆိုလျှင် ဆိုင်ကယ်ကို ၀ါးလုံးရှိုထမ်းကာ ဖြတ်သွားရကြောင်း သိရသည်။

ကားလမ်းဆိုးရွားသည့်အပြင် ခရီးသွားပြည်သူများလုံခြုံရေးအတွက် တာဝန်ချထားသော လမ်းဂိတ် အချို့ကမည်သည့်အတွက်မှန်းမသိသည့် ငွေကြေးအဆမတန် တောင်းခံမှုများလည်းရှိသည်ဟု ယာဉ် မောင်းကိုထိုက်က ပြောသည်။
"ဒီလမ်းကြောင်းက ဂိတ်တွေမှာ တစ်ချို့ဂိတ်တွေကောင်းပါတယ်။ တချို့ဂိတ်က ပိုက်ဆံမတရား တောင်းတာတွေရှိတယ်။ တစ်သောင်းမပေးရင် မကျော်ခိုင်းဘူးဆိုတာမျိုးပေါ့။ ဒီမှာအိပ်ဆိုတာမျိုးတွေရှိ တယ်။ အရက်မူးပြီး မတရားရစ်တာတွေရှိတယ်။ ကျွန်တော်တို့ကားသမားတွေက ကားပိုင်ရှင်မပါတဲ့အခါ လမ်းမှာကြာသွားပြီဆိုရင် ပိုက်ဆံလည်းတစ်ကျပ်မှ မပါဘဲပူတာအိုရောက်သွားတာတွေလည်း အကြိမ်ပေါင်း မနည်းတော့ဘူး။ အဲဒီလိုမျိုးအချိန်မှာ စိတ်ဆင်းရဲတာကတစ်မျိုး၊ ဂိတ်မှာရစ်တာက တစ်မျိုးနဲ့တော်တော် ခက်တယ်လို့။ မနှစ်ကဆိုရင် စစ်ယာဉ်တန်းတွေ တက်ပြီဆိုရင် အရပ်ကားတွေကို ရှေ့ကိုမကျော်ခိုင်းဘူး။ လမ်းပိတ်တယ်။ ရိက္ခာကကုန်၊ လမ်းကသွားမရပေါ့"ဟု ၎င်းတို့လောက၏ အခက်အခဲများကို ကိုထိုက်က ဆက်လက်ပြောပြသည်။

ပူတာအိုမှ ပြန်ဆင်းလာသည့်အခါတွင်လည်း တစ်ခါတရံ ကားချောဆွဲခံရမှုများလည်း ကြုံတွေ့ခဲ့ရ သည်ဟု အမည်မဖေါ်လိုသူ ကားသမားတစ်ဦးက ပြောသည်။

မိုင်ထောင်ရွာတွင်စခန်းချနေထိုင်သော လမ်းအထူးအဖွဲ့ (၂) မှ ဒုတာဝန်ခံဦးအောင်နိုင်ဌေးကပြော ရာတွင် လမ်းကြောအတွက်ချထားပေးသည့်ဘက်ဂျက်မှာ ဆွမ်ပရာဘွမ်အောက်ဖက် ကျောက်ချောလမ်း ၆ မိုင်စာနှင့် ဆွမ်ပရာဘွမ် အထက်ဖက်လမ်းပိုင်းအချို့အတွက်သာ ချထားပေးခြင်းဖြစ်သဖြင့် အနည်းနှင့်အ များ ခက်ခဲမှုတော့ရှိနေဦးမည်ဟုဆိုသည်။

 ယင်းအပြင် ယာဉ်များပေါ်တွင် တင်ဆောင်လာသည့်ကုန်ချိန်က လည်းများပြားလွန်း၍ လမ်းမြေသားက ခံနိုင်မှုမရှိခြင်းလည်း ဖြစ်နိုင်သည်ဟုလည်း ၄င်းကဆက်လက်ပြော ဆိုသည်။

ပူတာအိုဒေသသည် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ကားလမ်းတစ်မျိုးတည်းကို အားထားအ သုံးပြုနေရခြင်းကြောင့် ယခုလတ်တလောအခြေအနေတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး အခြေခံစား ကုန်များမှာ ၁ ဆ ၂ ဆ ခန့် မြင့်တက်လျက် ရှိပါသည်။

ဂျိုး(ပူတာအို)

Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ပူတာအို- မြစ်ကြီးနား ကားလမ်းကြောင့် ကားသမားများ အခက်တွေ့  ပူတာအို- မြစ်ကြီးနား ကားလမ်းကြောင့် ကားသမားများ အခက်တွေ့ Reviewed by THITHTOOLWIN on 15:25 Rating: 5
Powered by Blogger.