၂၀၁၅ ခုနှစ် သဘာဝဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည် တည်ဆောက်ရန် ကမ္ဘာ့ ဘဏ်မှ ကန်ဒေါ်လာ သန်း၂၀၀ ချေးလိုကြောင်း လွှတ်တော်သို့ သမ္မတ တင်ပြ

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အားတွေ့ရစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ မေ ၁၃ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု အစိုးရအဖွဲ့  ဝန်ကြီးဌာန သုံးခု အနေဖြင့် ၂၀၁၅ ခုနှစ် သဘာဝ ဘေးကြောင့် ပျက်စီးဆုံးရူံးရမှုများအား ပြန်လည် ထူထောင်ရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူခွင့် အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ မေလ ၁၀ ရက်နေ့ တွင် သဝဏ်လွှာပေးပို့ ခဲ့သည်။

ချေးငွေ ဒေါ်လာ သန်း နှစ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ လမ်းဦးစီးဌာနတွင် သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသည့် လမ်းများ အဖြစ်ဆောင်ရွက်ရန် ဒေါ်လာ ၁၀၅ သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ကျေးလက်ဒေသဖွံ့ ဖြိုးရေးဦးစီးဌာနတွင် ကျေးလက် ဒေသ လမ်းများ ဆောင်ရွက်ရန် ဒေါ်လာ သန်း ၇၀၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ရှိ ငွေတိုက်ဦးစီးဌာနတွင် အရေးပေါ်တုံ့ ပြန်မှု ချေးငွေ အဖြစ် လျာထားဆောင်ရွက် ရန် ဒေါ်လာ ၁၅ သန်း၊ ထိုစီမံကိန်းများ ဆောင်ရွက်ရန်  Project Management လုပ်ငန်းများ ဆောင်ရွက်ရန် ဒေါ်လာ ၁၀ သန်း ဟူ၍ ခွဲဝေ အသုံးပြုသွားမည်ဟု သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

“၂၀၁၅ ခုနှစ် ဆိုင်ကလုန်းကြောင့် ရေကြီးရေလျှံမှုတွေ ကြုံတွေ့ ခဲ့ရပါတယ်။ ပျက်စီး ဆုံးရှုံးခဲ့တဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလျံ အထိ ရှိပါတယ်။ အဲဒီပျက်စီး ဆုံးရှုံးမှုတွေကို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ မလုံလောက်တဲ့အတွက် အခုလို ကမ္ဘာ့ဘဏ်က ချေးရမှာပါ” ဟု ပြည်ပချေးငွေ လိုအပ်မှုနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်ကုန်အထိ ပြည်ပ ချေးငွေ ရယူထားမှုမှာ ဒေါ်လာ ၁၁,၁၁၄ သန်း ရှိသည့်အနက် ဒေါ်လာ ၁၉၅၀ သန်း ပြန်ပေးဆပ်ပြီးဖြစ်သဖြင့် ပေးဆပ်ရန် ကြွေးကျန်မှာ ၉၁၆၄ သန်း ရှိရာ ပြည်ပ ချေးငွေနှင့် နိုင်ငံတော်၏ GDP အချိုးသည် ၁၆.၂ ရာခိုင်နှုန်းသာ ရှိသောကြောင့် ပြည်ပချေးငွေ ထပ်ချေးနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

ယခု ချေးငွေသည် အတိုးမဲ့ ချေးငွေ ဖြစ်ပြီးဆိုင်းငံ့ ကာလ ခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်၊ ဝန်ဆောင်ခ တစ်နှစ်လျှင် ၀.၇၅ ရာခိုင်နှုန်း၊ အရင်းငွေကို ဆိုင်းငံ့ကာ (ခြောက်နှစ်) ကုန်ဆုံးပြီးချိန်မှစ၍ တစ်နှစ်လျှင် နှစ်ကြိမ် ပေးဆပ်သွားရမည်ဟုလည်း ဦးကျော်ဝင်းက ရှင်းပြသည်။

ထို့နောက် ချေးငွေများကို မည်သို့ သုံးစွဲသွားမည်ကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများက လွှတ်တော်သို့ အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ချေးငွေကိစ္စအား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခြင်း အစီအစဉ်ကို မေလ ၁၇ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
၂၀၁၅ ခုနှစ် သဘာဝဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည် တည်ဆောက်ရန် ကမ္ဘာ့ ဘဏ်မှ ကန်ဒေါ်လာ သန်း၂၀၀ ချေးလိုကြောင်း လွှတ်တော်သို့ သမ္မတ တင်ပြ  ၂၀၁၅ ခုနှစ် သဘာဝဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည် တည်ဆောက်ရန် ကမ္ဘာ့ ဘဏ်မှ ကန်ဒေါ်လာ သန်း၂၀၀ ချေးလိုကြောင်း လွှတ်တော်သို့ သမ္မတ တင်ပြ Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.