စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီလူဦးရေ စာရင်း ကောက်ယူရန် ကော်မတီတစ်ရပ် ဖွဲ့စည်း


ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီလူဦးရေစာရင်းကို ကောက်ယူရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကော်မတီတစ်ရပ်ကို မေလ ၁၂ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

ဘင်္ဂါလီများ၏ လူဦးရေစာရင်း ကောက်ယူရန် စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူရေး ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

"စာရင်းကောက်ယူဖို့အတွက် နှစ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းထားပါပြီ။ နှစ်ဖက်လုံး လိုအပ်ချက်ဖြစ်တဲ့ ဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးအတွက် အောင်မင်္ဂလာရပ်ကွက်ကို လူဦးရေစာရင်း ကောက်ယူတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နားလည်မှု အရေးကြီးတယ်” ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်းလင်းက ပြောသည်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဘင်္ဂါလီလူဦးရေမှာ ယခင်ထက် များပြားလာမှုကြောင့် ဒေသတည်ငြိမ် အေးချမ်းရေးအပေါ် စိုးရိမ်ပူပန်မှုများရှိနေပြီး စစ်တွေမြို့မှ ရဟန်းသံဃာတော်များ၊ လူမှုအသင်းအဖွဲ့များက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြလာပြီးနောက် အစိုးရအဖွဲ့မှ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

"အောင်မင်္ဂလာရပ်ကွက်မှာ တူရကီနိုင်ငံ အစီအစဉ်နဲ့ ဈေးဆိုင်ခန်းတွေ၊ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးမယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ ပြီးတော့ အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေ အဆမတန်များလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ အစိုးရ အဖွဲ့သို့ တင်ပြခဲ့တယ်" ဟု စစ်တွေမြို့ခံ ကိုစိုးထွန်းက ပြောသည်။

အောင်မင်္ဂလာရပ်ကွက်တွင် တူရကီနိုင်ငံမှ အကူအညီဖြင့် ဈေးဆိုင်ခန်းများ စာသင်ကျောင်းများ ဆောက်လုပ်မည် ဆိုသည်မှာ မဟုတ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုထားသည်။ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်သည် ဘင်္ဂါလီ အများဆုံးနေသည့် ရပ်ကွက်တစ်ခုလည်း ဖြစ်သည်။

MMK
Photo - ရခိုင်အလှ FB
The Ladies News
https://www.facebook.com/News.TheLadies/
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီလူဦးရေ စာရင်း ကောက်ယူရန် ကော်မတီတစ်ရပ် ဖွဲ့စည်း  စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီလူဦးရေ စာရင်း ကောက်ယူရန် ကော်မတီတစ်ရပ် ဖွဲ့စည်း Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.