ကျောင်းအပ်ရာတွင် ငွေကြေးကောက်ခံခွင့်မရှိကြောင်း ဗီနိုင်းပိုစတာများကို မြင်သာအောင် ကပ်ထားရမည်


လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမည့် ကျောင်းသားများ၏ ကျောင်းအပ်နှံရေး အဆင် ပြေချောမွေ့စေရန်အတွက် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် တိုင်းဒေသကြီး အဆင့် ကျောင်းအပ်နှံရေးကော်မတီများဖွဲ့စည်းနေပြီး ထိုအဖွဲ့အစည်းများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျောင်းသားများနှင့် မိဘများထံမှ မည်သည့် ငွေကြေးလက်ဆောင်မှ တောင်းခံခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်သကဲ့သို့ ငွေကြေးကောက်ခံ ခွင့်မရှိကြောင်း ဖော်ပြပါရှိသည့် ဗီနိုင်းပိုစတာများ ကို အထက်တန်းကျောင်း တစ်ကျောင်းလျှင် ငါးခု၊ အလယ်တန်းကျောင်းတစ်ကျောင်းလျှင် သုံးခု နှင့် မူလတန်းကျောင်းတစ်ကျောင်းလျှင် နှစ်ခုစီ ဝေငှထားပြီးဖြစ်ကာ မြင်သာသည့်နေရာများတွင် ကပ်ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရ သည်။

မေ ၂၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် တတိယနေ့အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ မေးမြန်း မှုကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အထက(၃) ကြည့်မြင်တိုင်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန္တာလှိုင်က ''ညွှန်ကြားချက် အတိုင်း ဗီနိုင်းတွေကပ်ထားပါတယ်။ အတန်းစဉ် အလိုက် အပ်နှံမယ့်အခန်းတွေကိုလည်း လမ်းညွှန် ကပ်ထားပေးပါတယ်။ KGတန်း တက်မယ့် ကလေးတွေကိုလည်း သုံးလအလိုအထိလက်ခံပြီး မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူးရုံးတွေဆီ စာရင်း ပို့ထားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းဖွင့်တဲ့ ဇွန် ၁ ရက်မှာ အကုန်လုံးကို ကျောင်းတက်ခိုင်း မှာပါ။ နောက်ကျောင်းသားသစ်အပ်တာပဲဖြစ် ဖြစ်၊ ကျောင်းထွက်လက်မှတ်လာယူတာပဲဖြစ် ဖြစ် ငွေကြေးပစ္စည်းလက်ဆောင် လုံးဝပေးစရာမလို ပါဘူး''ဟု ဆိုသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့အဖြစ် မေ ၂၅ရက်မှ ၃၁ ရက်အထိ သတ်မှတ် ထား၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း များတွင် လာရောက်ကျောင်းအပ်သည့် ကျောင်း သား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာ ဆရာမများဖြင့် စည်ကားလျက်ရှိနေပြီဖြစ် သည်။

ယခုနှစ်တွင် ကျောင်းအပ်နှံရာတွင် ငွေ ကြေး တစ်စုံတစ်ရာ တောင်းခံမှုမရှိဘဲ ကျောင်း အပ်နှံရန် အဆင်ပြေကြောင်းလည်း ကျောင်းသား မိဘအချို့၏ ပြောဆိုမှုများအရ သိရသည်။

အထက(၄)အလုံမှ အဋ္ဌမတန်းကျောင်းသူ မအင်ကြင်းမောင်မောင်၏ဖခင် ဦးမျိုးမောင် မောင် က ''ကျောင်းအပ်ရတာ အဆင်ပြေပါတယ်။ အခုဖတ်စာ စာအုပ်တွေအစုံပေးလိုက်ပါတယ်။ ငွေကြေးတစ်ပြားတစ်ချပ်မှ မပေးခဲ့ရပါဘူး'' ဟု ဆိုသည်။ အထက(၁) ကြည့်မြင်တိုင်တွင် စတုတ္ထ တန်းကျောင်းသားတစ်ဦးနှင့် ဒုတိယတန်းကျောင်း သားတစ်ဦးကို ကျောင်းအပ်ပြီး ပြန်ထွက်လာ သည့် ဦးဝေလွင်ဇော်ကလည်း ''ငွေကြေးတောင်း ခံမှု လုံးဝမရှိဘူး။ ကျောင်းတံဆိပ်ဖိုးတောင် မတောင်းဘူး။ ဗလာစာအုပ် ခြောက်အုပ်စီနဲ့ သင်္ချာ၊ အင်္ဂလိပ်၊ မြန်မာ၊ ပထဝီ၊ သမိုင်းဖတ်စာ စာအုပ်တွေအပြင် ကျောင်းဝတ်စုံတွေပါပေးလိုက် တယ်''ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ပညာ သင်နှစ်တွင် အထက်တန်းကျောင်း ၂၃၃ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၉၄ကျောင်း၊ အလယ် တန်းကျောင်း ၁၉၁ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၁၃၉ ကျောင်း၊ မူလတန်းကျောင်း ၁၇၅၉ ကျောင်း၊ မူလတန်းလွန် ၃၂၃ ကျောင်းရှိခဲ့ပြီး အထက်တန်းတွင် ဆရာ ဆရာမ ၅၁၈၄ ဦး၊ အလယ် တန်းတွင် ဆရာ ဆရာမ ၁ဝ၄၃၁ ဦးနှင့် မူလတန်း တွင် ဆရာ ဆရာမ ၁၇၅၅၇ ဦးဖြင့် ပညာသင်ကြား ပေးခဲ့ကြောင်း သိရသည်။

သတင်း-တင်ဝင်းလေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောင်းအပ်ရာတွင် ငွေကြေးကောက်ခံခွင့်မရှိကြောင်း ဗီနိုင်းပိုစတာများကို မြင်သာအောင် ကပ်ထားရမည်  ကျောင်းအပ်ရာတွင် ငွေကြေးကောက်ခံခွင့်မရှိကြောင်း ဗီနိုင်းပိုစတာများကို မြင်သာအောင် ကပ်ထားရမည် Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.