တချိန်က ဘောလခဲနယ် အရှေ့ဖက်ခြမ်း စော်ဘွားတွေဖြစ်တဲ့ စောလုံစော်ဘွား စောဖျာစဝ်လဖော် နေထိုင်ခဲ့တဲ့ စောလုံရွာမှာ ယခင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့စဉ်အချိန်ကာလအတွင်းကလည်း မြေမြုပ်မိုင်းကြောင့် ကိုယ်အင်္ဂါ တစ်ချို့ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘဝကိုအနိုင်မခံအရှုံးမပေး ရုန်းကန်ခဲ့ တဲ့စောလုံရွာက ဥက္ကဌ ဦးဘိုးရယ်က ယခုချိန်ထိ ပြည်သူက ပေးအပ်တဲ့တာဝန်ကို မမိုတ်မသုံထမ်း လျက်ရှိနေတာကို တွေ့ခဲ့ရပါတယ်။
ယခင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့စဉ်အချိန်ကာလအတွင်းကလည်း မြေမြုပ်မိုင်းကြောင့် ကိုယ်အင်္ဂါ တစ်ချို့ထိခိုက်ဒဏ်ရာရရှိသွားကြပြီး မသန်စွမ်းသူဖြစ်သွားတဲ့သူ များစွာရှိနေပါတယ်။ သို့ပေမယ့်လည်းဘဝကို အနိုင်မခံအရှုံးမပေးဘဲ ရုန်းကန်လုပ်ရှားနိုင်ကြသူတွေ များစွာ ရှိနေပါတယ်။
ဘဝကိုအနိုင်မခံအရှုံးမပေးဘဲ သက်မွေးဝမ်းကြောင်း အတွက်တစ်ကြောင်း ၊ တိုင်းပြည်တာဝန်အတွက် တစ်ဖက်တစ်လမ်းထမ်းဆောင်နေ တဲ့သူတစ်ဦးအနေနဲ့ ပြောရ မယ်ဆိုရင်တော့ ဘော လခဲမြို့နယ် စောလုံရွာက ဥက္ကဌ ဦးဘိုးရယ်ဘဲဖြစ်ပါတယ်။
သူဟာ အပစ်အခတ်ရပ်စဲရေးမတိုင်ခင် ၂၀၀၅ခုနှစ်ကတည်းက စပြီး ယခုချိန်အထိ ဆယ်စုနှစ်ကျော်ကြာ ကျေးရွာဥက္ကဌ တာဝန်ကိုယူထမ်းဆောင်နေပါတယ်။ သူဟာ မြေမြုပ်မိုင်းကို နှစ်ကြိမ် ထိမှန်ခဲ့တဲ့သူဖြစ်ပါတယ်။ ၁၃ နှစ်အရွယ်မှာ မြေမြုပ်မိုင်းတစ်ကြိမ်ထိခဲ့ပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ ရတဲ့သူပါ။
သူဟာ ချိုင့်ထောင့်ကို အသုံးပြုပြီး သွားလာခဲ့ရပါတယ်။ ၁၉၈၉ခုနှစ်မှာ အိမ်ထောင်ပြုပြီးနောက် ၁၉၉၁ခုနှစ်မှာ ခြေတုကို တပ်ပြီး သွားလာခဲ့ရပါတယ်။
အခုဆိုရင် ဦးဘိုးရယ်မှာ သား တစ် ယောက်နဲ့ သမီးနှစ်ယောက်ရှိနေပါပြီ။ သူ့မိသားစု ဝင်ငွေအတွက်ကတော့ နှမ်းကို အဓိကထားလုပ်ပြီး စားဝတ်နေရေး ဖူလုံမှုမရှိပေမယ့် မိသားစု အတွက် မငတ်ရုံသာရှိတယ်လို့ သိရပါတယ်။
ဦးဘိုးရယ်က “မိသားစု စားဝတ်နေရေးအတွက် သားသမီးကို ကျွေးမွေးဖို့အတွက် ကျနော် အလုပ်လုပ်ပြီး သွားသွားလာလာ လုပ်နေတာ ပြီးတော့ တောင်ယာတွေ ဘာတွေလည်း ကောင်းကောင်းသွားနိုင်တယ်။” လို့ပြောပါတယ်။
ခြေတစ်ဖက်မသန်စွမ်းတော့ပေမယ့်လည်း မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ရသလို တိုင်းပြည်အခြေအနေ မတည်ငြိမ်ခင်ကတည်းက ကျေးရွာ ဥက္ကဌတာဝန်ယူ လုပ်ကိုင်ခဲ့ရသူပါ။
၁၉၉၉ခုနှစ်မှာတော့ သူ့ကံကြံမာလို့ပဲဆိုရမလား မြေမြုပ်မိုင်းတွေကပဲ ပေါ်လွန်းလို့လားတော့မသိဘူ်း ကျန်တဲ့ ခြေထောက်တစ်ဖက်နဲ့ မိုင်းတစ်ခေါက် ထပ်ပြီး ထိုးမိပြန်တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ် ညာဖက်ခြေထောက်နဲ့ မိုင်းထပ်ထိချိန်မှာတော့ ခြေထောက်ထပ်မပြတ်ပေမယ့် မြေမြုပ်မိုင်းကွဲလို့ ပေါက်ထွက်တဲ့ ယမ်းတွေက သူ့ရဲ့ ခါးအပါအဝင် ခန္ဓာကိုယ် အောက်ပိုင်းကို ထိပြီး ဒဏ်ရာများ ကျန်နေခဲ့ပါတယ်။
မြေမြုပ်မိုင်းနှစ်ခါ ထိဖူးတဲ့ ဦးဘိုးရယ်ဟာ ရုပ်ပိုင်းမှာ မသန်တော့ပေမယ့် သူစွမ်းဆောင်နိုင်တဲ့နေရာတွေက အများကြီးပါ။ သူ့ရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလည်း သာမန်လူတစ်ယောက်လို ခိုင်မာပြီး အမျိုးသားရေးအတွက်လည်း စိတ်အားထက်သန်သူ တစ်ယောက်ပါ။
ကယားပြည်နယ်အတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀၁၄-၁၅ ခုနှစ်အတွင်းစာရင်းလိုက်လံကောက် ခံခဲ့သည့် မိုင်းအသိပညာပေးလူမှု အသင်းအဖွဲ့တစ်ဖွဲ့မှစာရင်းအရ ၃၂၁ ဦးရှိတယ်လို့ သိရပါတယ်။
မသန်စွမ်းသူဆိုတာ - မြန်မာနိုင်ငံမှာကောက်ယူခဲ့တဲ့ အကြိုစစ် တမ်းတစ်ရပ်အရ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှ မသန်စွမ်းသူအဖြစ် သတ်မှတ်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ဟာ “ တစ်ဦးတစ်ယောက်ဟာ ကိုယ်အင်္ဂါချို့ယွင်းအားနည်းမှု တစ်ခုခုကြောင့်သော်လည်းကောင်း၊ အမြင်အာရုံ၊ အကြားအာရုံနဲ့ ဥာဏ်ရည်ပိုင်းဆိုင်ရာချို့ယွင်း အားနည်းမှုကြောင့် သော်လည်းကောင်း လူမှုအသိုင်းအ၀ိုင်းအတွင်းနေ့စဉ် ပုံမှန်ဝင်ဆန့်လှုပ်ရှားနိုင်မှုစွမ်းရည် အလွန်အားနည်းလျှင် ထိုသူကိုမသန်စွမ်းသူလို့ခေါ်တယ်” မသန်စွမ်းသူဟာ ချို့ယွင်းအားနည်းမှုတစ်ခုသို့မဟုတ် တစ်ခုထက်ပိုသောအကြောင်းကြောင့်လည်းမသန်စွမ်းမှုဖြစ်နိုင်ပါတယ်။
အသက်လေးဆယ်ဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမောဆိုမြို့နယ် ဒေါကလော်ဒူကျေးရွာအုပ်စု ဒေါစဲရွာက မစိုးမြာဟာလည်း ငယ်စဉ်ကတည်းက အိပ်နေရင်းနဲ့ အကြောစွဲပြီး လက်တစ်ဖက်ယခုချိန်ထိ မသန်းစွမ်းဘဝနဲ့နေနေရတယ်လို့သိရပါတယ်။
သူမဟာမိသားစု အားလုံးပေါင်းခြောက်ယောက်ရှိတယ်လို့ပြောပါတယ်။
သူမဟာ မသန်စွမ်းဘဝနဲ့နေရပေမယ့် လည်းသာမာန်သူတွေနဲ့အပြိုင် အလုပ်ကိုကြိုးစားလုပ်ကိုင်နေတာကို တွေ့ရပါတယ်။
“ ပဲစိငုံသွားခူးတယ် အပင်ခုတ်တယ်။ ပျိုးပင်တွေနုတ်တတ်တယ်။ ပြောဖူးလည်းချိုးတတ်တယ် ပေါက်ပြားလည်းပေါက်တတ်တယ်။ ထမင်းဟင်းလည်းချက်တတ်တယ်။ ” လို့သူမက ပြောပြပါတယ်။
သို့သော် သူမ၏လက်တစ်ဘက် မသန်မှုကြောင့် စပါးမစိုက်တတ်ဘူး မရိတ်တတ်ဘူး လို့ဆိုပါတယ်။
သူမဟာ ဒီလိုမျိုးဘဝနဲ့ သူများကဲ့ရဲ့တာတွေကိုလည်း တစ်ခါတစ်လေ ခံရသော်လည်း စိတ်အားမငယ်ပဲ အလုပ်ကိုဦးစားပေးလုပ်ခဲ့ပါတယ်လို့ပြောပါတယ်။
ငယ်စဉ်က လွိုင်ကော်ဆေးရုံကို သွားပြခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာတော့ ဘယ်ဆေးရုံကိုမှလည်း သွားမပြဖူးတော့ပါဘူးလို့ပြောပါတယ်။
ထို့အတူ အသက်လေးဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ ဒီးမောဆိုမြို့နယ် ဒေါကလော်ဒူကျေးရွာမှ ဦးထွန်းကြွယ်ဟာလည်း ငယ်စဉ်က ဆင်ခြေထောက်လိုမျိုးဖြစ်ရာမှ ယခုချိန်မှာ အောက်ပိုင်းလုပ်ရှားမရဖြစ်သွားတာကိုတွေ့ရပါတယ်။
အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ဦးထွန်းကြွယ်ဟာဆိုရင် မိသားစုခြောက်ယောက်နဲ့အတူ မိမိသတ်နိုင်တဲ့ဘက်က မိသားစုစားဝတ်နေရင်းအတွက် ကူညီပေးနေရပါတယ်လို့ သိရပါတယ်။
“ ကျတော်ခြေထောက်က အသက်၁၃-၁၄အရွယ်လောက်က ဆင်ခြေထောက်လိုမျိုးဖြစ်တာလေး ကြီးနေတဲ့ခါကြတော့ လွိုင်ကော်ဆေးရုံသွားပြတော့လည်း ဘားမှမရှိဘူး ရောဂါမရှိဘူးတဲ့။ ဒါပေမဲ့လမ်းလျောက်တော့ လူကပုသွားသလိုမျိုးဖြစ်နေတယ်။” လို့သူကပြောပြပါတယ်။
ခြေတစ်လုံးတွေကြီးနေသော်လည်းပဲ သူဟာဘောလုံးကန်နိုင်တယ် ။ လမ်းလျောက်နိုင်တယ် အသက်နှစ်ဆယ်ပတ်ဝန်းကျင်အရွယ်လောက်ထိ လွိုင်ကော်ကနေတောင်ကြီးထိကို လမ်းလျောက်သွားနိုင်ခဲ့တယ်လို့ ပြောပြပါတယ်။
နောက်ပိုင်းမသွားလာနိုင်တော့တဲ့အပြင် ငွေရေးကျေးရေးအခက်ခဲ့ရှိလို့ ဘယ်ဆေးခန်းမှာမှ မပြဖူးတော့ပါဘူးလို့ ဆိုပါတယ်။ နောက်ပိုင်းတွင် ခြေထောက်ကထုံကျဉ်လာပြီး အသက်ကြီးလာတော့ အောက်ပိုင်းမလုပ်နိုင်တော့ဘူးလို့သိရပါတယ်။
ကယား(ကရင်နီ)ပြည်နယ်ရဲ့လက်ရှိအနေအထားဟာ မသန်စွမ်းတွေကို ဘေးဖယ်ထားတဲ့အနေအထား မျိုးရှိနေသေးတယ် လို့ကရင်နီအမျိုးသမီးအစည်းအရုံးအဖွဲ့မှ ကြီးကြပ်ရေးမှူး ဒေါ်အေးအေးစိုးက ပြောပါတယ်။
“ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်း သူနဲ့သက်ဆိုင်ရာအခန်းကဏ္ဍတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အဲဒီဟာလေးတွေကို ဦးစားပေးပြီးတော့ပါဝင်ဆွဲခေါ်ပေးရင်တော့ ပိုကောင်းတယ်လို့ ထင်တာပေါ့နော လူသားအချင်းချင်းဆိုတော့ ” လို့၎င်းကပြောပါတယ်။
မသန်စွမ်းတွေကို အစိုးကနေသော်လည်းကောင်း ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးက နေသော်လည်းကောင်း စနစ်တကျအစီအစဉ်များရေးဆွဲရန်လိုအပ်သည်ဟု ကရင်နီလူမှုဖူလုံရေး နှင့် ဖွံ့ဖြိုးရေးဆုံမှတ် တာဝန်ခံ ကိုဗညားက ပြောပါသည်။
“သူတို့ရဲ့လိုအပ်ချက်တွေကို သူတို့ရဲ့လိုအပ်ချက်ထောက်ပံ့ပေးနိုင်တဲ့သူ ကူညီပေးနိုင်မည့်သူဟာ သူတို့ပဲ ဖြစ်ရမယ်။” ဟု ကိုဗညားက ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသို့ ကယားပြည်နယ်အတွင်း မသန်စွမ်းသူများအတွက် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းစသည့် သတင်းအချက်အလက်များကို သိရှိရန် မတ်လ ၂၄ နေ့တွင် ကန္တာရဝတီတိုင်း(မ်)စာအမှတ် ကတ ၀၀၃ / ၂၀၁၆ စာအမှတ်ဖြင့် လျှောက်ထားခဲ့ပြီး ပြန်လည်ဆက်သွယ်လာခြင်းမရှိသည့်အပြင် သတင်းထောက်များကိုယ်တိုင်သွားရောက်မေးမြန်းစုံစမ်းခဲ့ သော်လည်း မည်သည့်သတင်းအချက်အလက်မျှ မရရှိခဲ့သေးပေ။
၂၀၁၄ခုနှစ် ကယား(ကရင်နီ)ပြည်နယ် သန်ခေါင်စာရင်းစစ်တမ်းအရ ကယား(ကရင်နီ)ပြည်နယ် ဟာလူဦးရေစုစုပေါင်း ၂၈၆၆၂၇ဦး ရှိပြီးတော့ မသန်စွမ်းသူဦးရေရာခိုင်နှုန်း ၅.၈% ရှိတယ်လို့သိရပါတယ်။
အဲ့ထဲမှာမှ ဒီးမောဆိုအနေနဲ့ကြည့်မယ်ဆိုရင် လူဦးရေ စုစုပေါင်း ၇၉၂၀၁ ဦး ရှိပြီးတော့ မသန်စွမ်းသူဦးရေ ရာခိုင်နှုန်းကတော့ ၆.၆ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။
Written by စူးမယ် ၊ ထျိုးမြာ
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org
ယခင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့စဉ်အချိန်ကာလအတွင်းကလည်း မြေမြုပ်မိုင်းကြောင့် ကိုယ်အင်္ဂါ တစ်ချို့ထိခိုက်ဒဏ်ရာရရှိသွားကြပြီး မသန်စွမ်းသူဖြစ်သွားတဲ့သူ များစွာရှိနေပါတယ်။ သို့ပေမယ့်လည်းဘဝကို အနိုင်မခံအရှုံးမပေးဘဲ ရုန်းကန်လုပ်ရှားနိုင်ကြသူတွေ များစွာ ရှိနေပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါကလော်ဒူကျေးရွာမှ ဦးထွန်းကြွယ် |

ဘဝအတွက်အရှုံးမပေးကြသူများ
Reviewed by THITHTOOLWIN
on
16:13
Rating: