ကျောက်ဆည် ဧပြီ ၃
ယခင်အစိုးရလက်ထက်က ကျေးလက် ဒေသ စာတတ်မြောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ချက် ဖြင့် ကျေးလက်ဒေသများတွင် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ် နိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကို တာဝန် ပေးအပ်ခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိများသည် မိမိတို့ မြို့နယ်အတွင်းရှိ ကျေးရွာများအနက် ကျေးလက်စာကြည့်တိုက် ဖွင့်ပေးရန် အဆိုပြုလာသော ကျေးရွာများကို စာကြည့်တိုက် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် မတည်အလှူ ငွေကျပ် ၁ဝ သိန်း နှင့်လိုအပ်သော စာအုပ်စာတမ်းများ ထောက်ပံ့ပေးပြီး ကျေးလက်စာကြည့်တိုက် ဖွင့်လှစ်နိုင် ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။ သို့သော် ကျေးရွာအများစုတွင် ပြန်/ဆက်ဦးစီးဌာနမှ ထုတ်ပေး သော မတည်ငွေများ လေလွင့် သွားပြီး စာကြည့်တိုက်အဆောက် အအုံကို ဖြစ်ကတတ်ဆန်း ဆောက် ကာ ဗီနိုင်းဖြင့် ဆိုင်းဘုတ်တင်၍ စာကြည့်တိုက် အဖွင့်ပြခဲ့ကြကာ တာဝန်ရှိသူများ လာရောက် ဖွင့်လှစ်ပြီးနောက် ထိန်းသိမ်းစောင့် ရှောက်မှုမရှိဘဲ ပစ်ထားကြသဖြင့် အချိန်တိုအတွင်းမှာ ပျက်စီးသွား ရသည်။
''ကြည့်ပါဦးဗျာ၊ အဲဒီအဆောက် အအုံ ငွေကျပ် ၁ဝ သိန်း တန်မတန် ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေ အလဟဿ ဖြစ်ရတယ်။ အလိမ်အညာတွေနဲ့ ဆက်သွားနေရင် ဆင်းရဲတွင်းနက် သထက် နက်တော့မှာပေါ့။ စာဖတ် စေချင်ရင် အဆင့်ဆင့်လုပ်ရမှာ။ ပထမ လမ်းဆုံကျေးရွာကြီးတွေမှာ စာအုပ်အငှားဆိုင်တွေ ဖွင့်လာအောင် စည်းရုံးရမှာ။ စာအုပ်အငှားဆိုင် ဖွင့်မယ့်သူကို ဘဏ်တိုးနှုန်းနဲ့ တောင်သူတွေလို ငွေချေးပေးမယ် ဆိုရင် လုပ်မယ့်သူတွေ ရှိပါတယ်။ စာအုပ်အငှားဆိုင်လုပ်ငန်း မအောင် မြင်ရင်၊ စာဖတ်နှုန်း သိသိသာသာ တက်မလာဘူးဆိုရင်တောင်မှ ထုတ် ချေးထားတဲ့ ငွေဆယ်သိန်းမဆုံးတဲ့ အပြင် အတိုးလည်းရနိုင်မှာ။ အခု တော့ ငွေ ၁ဝ သိန်း ဘယ်ရောက် သွားတုံးဆို အဲဒီအဆောက်အအုံ အပျက်ကို လက်ညှိုးထိုးပြတာပဲ။ ပြန်/ဆက်က ထောက်ပံ့တဲ့ စာအုပ် တွေ၊ ပုဂ္ဂလိက လှူဒါန်းထားတဲ့ စာအုပ်တွေ ဘယ်ရောက်ကုန်လဲ မေးရင်လည်း ဟိုဒီနဲ့ ပြီးတာပဲ၊ ဘယ်သူကမှလည်း ဘာမှအရေး မယူဘူး။ စာကြည့်တိုက်တစ်ခုကို ငွေ ၁ဝ သိန်းနှုန်းနဲ့ ပြည်သူ့ဘဏ္ဍာ ငွေတွေ ဘယ်လောက်အထိ အချည်းအနှီးဖြစ်ခဲ့ရပြီလဲ မသိပါ ဘူးဗျာ''ဟု ကြက်စင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အောင်မင်း(စဥ့်ကိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အောင်မြင်မှုမရရှိသောကျေးလက်စာကြည့်တိုက်လုပ်ငန်း မတည်ထားသည့်ငွေကြေးနှင့်စာအုပ်များဆုံးရှုံး
Reviewed by THITHTOOLWIN
on
09:32
Rating:
