မူဆယ် ဧပြီ ၂ဝ
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ခရိုင် မူဆယ်မြို့နယ် မော်တောင်း အုပ်စု တာလုံကျေးရွာ နမ့်ပေါ် ချောင်းတံတားအနီး၌ ဧပြီ ၁၉ ရက် မွန်းတည့် ၁၂ နာရီက ယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသွားပြည်သူတစ်ဦးက နမ့်ပေါ် တံတားအနီးတွင် တာဝန်ထမ်းဆောင် နေသော ရဲတပ်ဖွဲ့ဝင်များအား သတင်းပေးပို့ခဲ့၍ တပ်ကြပ်ကြီး ကျော်ဇေယျက သွားရောက် စစ်ဆေးခဲ့ရာ မူဆယ်ခရိုင် မော်တောင်းအုပ်စု တာလုံကျေးရွာ နမ့်ပေါ်ချောင်း တံတားအနီး မိုင်တိုင်အမှတ် (၂၆၅/၅)နှင့် (၂၆၅/၆)ကြားတွင် မူဆယ်ဘက်မှ လားရှိုးဘက်သို့ သဲများသယ် ဆောင်ကာ အိုက်မန်း(၃၁နှစ်) မောင်းနှင်လာသော တုံဖုန်း ယာဉ် အမှတ် ၉က/--- အပြာရောင်ယာဉ် သည် ဘရိတ်ပေါက်ပြီး တစ်ဖက် ယာဉ်ကြောသို့ရောက်ရှိကာ မန္တလေး မှ မူဆယ်ဘက်သို့ ငွေထူး(၃ဝနှစ်)မောင်းနှင်လာသော အပြာရောင် ၁၂ ဘီးယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်နှစ်စီးစလုံး ခေါင်းပိုင်းများ ကြေမွပျက်စီးခဲ့ပြီး ယာဉ်မောင်း အိုက်မန်းမှာဒဏ်ရာ များရရှိကာ ကားခေါင်းထဲတွင် ပိတ်ညှပ်နေခဲ့သည်။
ထိုသို့ပိတ်ညှပ်နေစဉ် ယာဉ် ထိန်းတပ်ဖွဲ့ဝင်များနဲ့ မူဆယ်မြို့နယ် (၁ဝ၅)မိုင်ကျေးရွာမှ ပါရမီလူမှု ကူညီရေးအသင်းတို့ ရောက်ရှိလာပြီး ခရီးသွားပြည်သူများနှင့် ပူးပေါင်း၍ ပိတ်ညှပ်နေသော ယာဉ်မောင်း အား အချိန်မီဆွဲထုတ်ခဲ့ပြီး မူဆယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုစစ်ဒုရဲအုပ် ဇော်မျိုးအောင်က တရားလိုပြုတိုင်တန်းခဲ့ပြီး အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်ခရိုင် နမ့်ပေါ်တံတားအနီး ယာဉ်နှစ်စီးတိုက်မိ
Reviewed by THITHTOOLWIN
on
08:18
Rating: