ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး တောမီး ဆက်လက်လောင်ကျွမ်းလျက်ရှိ


ကျောက်ပန်းတောင်း ဧပြီ-၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အမြင့်ပေ(၄၉၈၁)ပေမြင့်သော ပုပ္ပားတောင် မကြီးထိပ်တွင် ဧပြီလ (၂၀)ရက်နေ့၊ ညနေ(၄)နာရီခွဲ အချိန်က တောမီး စတင် လောင်ကျွမ်းခဲ့ရာ၊ လေပြင်းများ တိုက်ခတ်မှုကြောင့် တောမီးမှာ လျှင်မြန်စွာ ပြန့်နှံ့ပြီး၊ ညနေ(၄း၄၅) အချိန်ခန့်တွင် တောင်ထိပ်ရှိ MRTV ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံအား မီးစွဲလောင်ခဲ့သည်။ အဆိုပါတောမီး ကူးစက်လောင်ကျွမ်းမှုကြောင့် ၁၀ပေ×၂၅ ပေရှိ ထပ်ဆင့် လွှင့်စက်ရုံ အဆောက်အဦတစ်ခု၊ 60-K VA မီးစက်တစ်လုံး၊ 12-V ဘက္ကထရီ ၃၂ လုံး၊ Outdoor Unit နှစ်လုံးနှင့် လေအေးပေးစက်များ မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ ထပ်ဆင့်လွှင့်စက်ရုံ မီးကူးစက်လောင်ကျွမ်းမှုဖြစ်စဉ်အား ရုပ်/သံထပ်ဆင့်လွှင့်စက်ရုံမှ တာဝန်ကျဝန်ထမ်း၏ ဆက်သွယ်သတင်းပေးမှုဖြင့် MRTV၊ Micro နှင့် MEC စက်ရုံ ၀န်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပုပ္ပားရဲစခန်း စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၇၈) ခြေလျင်တပ်ရင်းမှ တပ်မတော်သားများ၊ ပုပ္ပားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများ၊ ကျောက်ပန်းတောင်းမြို့ပေါ်မှ တာဝန်သိ လုပ်သားပြည်သူများက ၀ိုင်းဝန်းစုပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ကြရာ ည(၈)နာရီခွဲအချိန်တွင် စက်ရုံတွင် လောင်ကျွမ်းနေသော မီးအား ထိန်းသိမ်းနိုင်ခဲ့ပြီး ပစ္စည်းများ အား နေရာရွှေ့ပြောင်းနိုင် ခဲ့ကြောင်း သိရသည်။ အဆိုပါ တောမီးမှာ တောင်ထိပ်မှ တဆင့် တောင်အောင်ဖက်သို့ ဆက်လက်လောင်ကျွမ်းနေရာမှ ဧပြီလ(၂၁)ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန်တွင် ဟတ်စကီးကွင်း (ဦးနုတိုက်ဟောင်း) အထက်ဘက် ဆေးမွန်းတောင်ကုန်း ၀န်းကျင်ရှိ ထင်းရှုးတောနှင့် မြက်ခြောက်တောများအား ဆက်လက်လောင်ကျွမ်းလျှက် ရှိကြောင်း သိရသည်။

ပုပ္ပားတောင် MRTV ထပ်ဆင့်လွှင့်စက်ရုံ တောမီးကူးစက်လောင်ကျွမ်းမှု ဖြစ်စဉ်အား အသေး စိတ် သိရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ဌာနမှ ဒုတိယအင်ဂျင် နီယာချုပ် ဦးအောင်ဌေးဦးနှင့် အဖွဲ့ဝင်(၄)ဦး၊ ပခုက္ကူထပ်ဆင့် လွှင့်စက်ရုံမှ စက်ရုံမှူး ဦးကြည်ရွှင်တို့ရောက်ရှိ၍ ပျက်စီးဆုံးရှုံးမှု အခြေအနေများအား စစ်ဆေးလျှက် ရှိသည်။

တောမီးလောင်ကျွမ်းမှု အခြေအနေများအား မြို့နယ်တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ၊ အမှတ်(၇၈) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုလျှက် ရှိကြပြီး လူနေအိမ်ခြေများသို့ ကူးဆက်လောင်ကျွမ်းမှု မရှိစေရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

နေအောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး တောမီး ဆက်လက်လောင်ကျွမ်းလျက်ရှိ  ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး တောမီး ဆက်လက်လောင်ကျွမ်းလျက်ရှိ Reviewed by THITHTOOLWIN on 15:07 Rating: 5
Powered by Blogger.