ဧပြီ ၁ ရက် ၂၀၁၆
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖေါ်ရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရွာသားများအား မန်ပန်ဌာနပြည်သူ့စစ်က စစ်အာဏာသုံးပြီး ဧပြီ ၁ ရက် ယနေ့လာ ရောက်တွေ့ဆုံရန် ဆင့်ခေါ်ကြောင်း ဒေသခံ အကြီးအကဲ တဦးက ပြောသည်။
တန့်ယန်းမြို့မြောက်ဘက် သုံးမိုင်ခန့်အကွာ နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်စု ဟိုနားရွာဆပ်၊ နမ့်ဟောင်ချောင်း လက်တက်ချောင်းငယ်နှစ်ဘေး ကုန်းတန်းတ လျှောက်ရှိ ကျောက်မီးသွေး များအား မန်ပန်အခြေစိုက် ဗိုလ်မွန်း ဦးဆောင်တဲ့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ မှ တူးဖေါ်ရန် အတွက် ဒေသ အတွင်းနေ ခွမ်ဂွတ်၊ ဟိုနား၊ လွယ်ငင်း ရွာသားများအား ခွမ်ကွတ် ဘုန်းကြီး ကျောင်းသို့ ၂၀၁၆ ဧပြီ ၁ ရက်နေ့ ရက်စွဲဖြင့် ဆင့်ခေါ်သည်ဟုဆိုသည်။
“အဓိက ကတော့ ကျောက်မီးသွေးတူးဖို့ပါ။ အရင်က ကုမ္ပဏီက တူးဖို့လာလုပ်တယ်။ ရွာသား တွေက မြစ်ချောင်းတွေ၊ လယ်ယာတွေ ပျက်စီးကုန်မယ်ဆိုပြီး၊ ဝိုင်းကန့်ကွက်တော့ မလုပ်ဖြစ် တော့ဘဲ နားသွား တယ်။ အခု အဲဒီ မန်ပန်အဖွဲ့က ပြန်တူးဖို့ လူလွှတ်ပြီး ရွာအကြီးအကဲတွေကို ဆင့်ခေါ် တွေ့ဆုံတာ။ ရွာသားတွေ လက်မှတ်ထိုးပေးပြီးရင် ၄၅ ရက်အတွင်း အစမ်းလာတူး မယ်တဲ့။ ဘယ်သူမှ သဘောမတူ တော့ ပြန်သွားတယ်။ သူတို့လူကြီးတွေကို ပြန်သွားတင်ပြ မယ် ဆိုဘဲ”- ဟု အမည်မဖေါ်လိုသည့်ရွာ ခံတဦးက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများတဦးလျှင် ရွာသား ၆ ဦး နှင့်အတူ ခွမ်ဂွတ် ဘုန်း ကြီးကျောင်းသို့ လာရောက် တွေ့ဆုံပါရန် ဗိုလ်မွန်းခေါင်းဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့မှ စစ်မိန့်ဖြင့် ဆင့်ခေါ်သည်ဟု ရွာသားများ က ပြောသည်။
“လာရောက်တွေ့ဆုံဖို့ မန်ပန်ဌာနေပြည်သူ့စစ်ကနေ စာပို့လာတာ။ ရုံးသုံးတရားဝင် စာရွက် စာတမ်း နဲ့တော့ မဟုတ်ဘူး။ ရိုးရိုးစာရွက်မှာဘဲ စာရေးလာတာ။ အဲဒီစာမှာစစ်ရေးလို့ အဓိပ္ပါယ် ရတဲ့ ကန်ဆစ် ဆိုတဲ့ စကားလုံးပါရေးထားတော့ ရွာသားတွေကလဲ ကြောက်တာပေါ့ ။ သူတို့က သေနတ်ရှိတယ်လေ” - ဟု ခေတ်ပညာတတ် ဒေသခံ လူငယ် တဦးက ပြောသည်။
“ကျနော်တို့က ဒေသအတွင်းအကျိုးပြုတဲ့အဖွဲ့ပဲ၊ တခြားကုမ္ပဏီတွေ ဖေါ်စားသွားမဲ့အစား၊ ကျနော်တို့ဘဲ တူးမှာပေါ့။ အဲဒါ သူတို့တွေ နားလည်အောင် ခေါ်ပြောတာ” - ဟု ပြည်သူ့စစ် အသိုင်း အဝိုင်း က ပြောသည်။
၂၀၁၄ ခုနှစ်က ကျောက်မီးသွေးတူးဖေါ်မှု စမ်းသပ်တူးဖော်မှုကိစ္စများ လုံးဝမပြုလုပ်ရန် ဒေသခံ တောင်သူလယ်သမား ၄၀၀ ကျော်က လက်မှတ်ထိုးကန့်ကွက်ခဲ့သောကြောင့် ကုမ္ပဏီများ နောက် ဆုတ်ခဲ့ရသည်။ သီးခြားအတည်ပြုချက်အရသေးသည့်သတင်းအရ မန်ပန်ဌာနေ ပြည့်စစ်တပ်အား ကြားနေဆောင်ရွက်ပေးရေး၊ နာမည်ခံပေးရေးအတွက် ကုမ္ပဏီများက ပြန်လည်အသုံးချ လာခြင်းဖြစ်သည်ဟု ဆိုသည်။
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ကျောက်မီးသွေးတူးဖေါ်ရန် မန်ပန်ဌာနေပြည်သူ့စစ် အာဏာသုံးပြီး လူထုအား ဆင့်ခေါ် ဆွေးနွေး
Reviewed by THITHTOOLWIN
on
09:44
Rating:
