ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းများ ကွာကျခြင်းကို မူလအတိုင်းအမြန်ဆုံးပြန်လည်ကပ်လှူပူဇော်သွားမည်
ရန်ကုန် ဧပြီ ၂၁
ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းများ ကွာသွားခြင်းကို သက်ဆိုင်ရာအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်၍ မူလအတိုင်း အမြန်ဆုံး ပြန်လည် ကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ကြီး ၏ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ယနေ့ညနေတွင် မြန်မာ့သတင်းစဉ် သို့ပြောသည်။
''သစ်စေးသုတ်တဲ့အခါမှာ လိုအပ် ချက်တွေရှိလို့ ကွာသွားတာမျိုး ဖြစ် နိုင်သလို သဘာဝဘေးဒဏ်အပြင် ငှက်နှုတ်သီးနဲ့ထိုးမိလို့ ဖြစ်သွား တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အဖွဲ့နဲ့ ညှိနှိုင်းမှုတွေလုပ်ပြီး မူလအတိုင်း အမြန်ဆုံး ရွှေသင်္ကန်းကပ်လှူပူဇော် သွားမှာပါ''ဟု ၄င်းက ပြောသည်။
အဆိုပါ ရွှေတိဂုံစေတီတော် မြတ်ကြီး၌ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် တွင် ရွှေသင်္ကန်းတော်ကပ်သည့် အဖွဲ့ လေးဖွဲ့ကို တင်ဒါစနစ်ဖြင့် ခေါ်ယူ ၍ ကန်ထရိုက်ပေးခဲ့ရာ ရွှေ ငါးကြင်းမှ တာဝန်ယူဆောင်ရွက်ခဲ့ သည့် စေတီ၏ တောင်ဘက်ခြမ်းရှိ ရှစ်မြှောင့် (ဗုဒ္ဓဟူးနှင့် အင်္ဂါထောင့်)တွင် ယင်းကဲ့သို့ ရွှေမျက်ပါးလွှာ ဧရိယာရှိ ရွှေသင်္ကန်းများမှာ မတ်လ အတွင်းက ကွာကျခဲ့ခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူ ပူဇော်လေ့ရှိပြီး ယခုအခါ ကပ်လှူပြီး တစ်နှစ်ခန့်အကြာတွင် ရွှေမျက်ပါး သင်္ကန်းများ ကွာကျခဲ့သည့်အတွက် ကန်ထရိုက်စာချုပ်ပါ စည်းကမ်းချက်များအရ ငါးနှစ် မပြည့်ခင် ပျက်စီးခဲ့သည့်အတွက် တာဝန်ယူ ကပ်လှူ ပူဇော်ခဲ့သည့် ''ရွှေငါးကြင်း'' ရွှေမျက်ပါး သင်္ကန်းကပ် အဖွဲ့က ပြန်လည်ကပ်လှူပေးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့မှ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရှစ်မြှောင့်နေရာမှ အောက်ခြေအထိရှိ ကြေးပြားများ ပေါ်၌ ရွှေမျက်ပါး သင်္ကန်းကပ်လှူရန် တစ်ပေ ပတ်လည်လျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ငွေကျပ်သိန်း ၂၆ဝ ကျော် အကုန်အကျခံကာ လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
''သစ်စေးဆိုတာက ပူရင် ပျော်တတ်တဲ့အတွက် အခုချိန်မှာလုပ်ရင် သစ်စေးသုတ်ဖို့ အခက်အခဲဖြစ်တယ်။ ဒီရာသီဥတုနဲ့လုပ်ရင် ကောင်းတဲ့နေရာတွေပါ ပျက်စီး သွားနိုင်တဲ့အတွက် သီတင်းကျွတ်နဲ့ တန်ဆောင်မုန်း လောက်မှ ပြန်လည်ပြုပြင်ပေးဖို့ သဘောတူထားပြီးပါပြီ'' ဟု ''ရွှေငါးကြင်း'' ရွှေမျက်ပါး သင်္ကန်းကပ်အဖွဲ့မှ တာဝန်ရှိသူ ဦးသန်းဝင်းက ပြောသည်။
လတ်တလောအခြေအနေအရ ရာသီဥတုပူပြင်း သောကြောင့် ရွှေသင်္ကန်းများ ကွာသွားသည့်နေရာကို မူလအတိုင်း ပြန်လည်၍ ရွှေသင်္ကန်းကပ်လှူရန် အခက်အခဲဖြစ်သဖြင့် သီတင်းကျွတ်ကာလ၌သာ ပြန်လည်ကပ်လှူပေးရန် ၄င်းအဖွဲ့က ဂေါပကအဖွဲ့ထံ တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း လတ်တလော အခြေအနေအရ နှစ်ဖက်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်း အဆိုပါစေတီတော်ရုံးအဖွဲ့ထံမှ သိရသည်။
ရွှေတိဂုံစေတီတော်ကြီးတွင် ရွှေပြားသင်္ကန်းတော် နှင့် ရွှေမျက်ပါးလွှာ သင်္ကန်းတော်ဧရိယာနှင့် Gold Coating ဧရိယာတို့ဖြင့် သက်ဆိုင်ရာနေရာအလိုက် ကပ်လှူပူဇော်ထားရှိပြီး ၂ဝ၁ဝ ပြည့်နှစ်ခန့်ကလည်း သဘာဝဘေးကြောင့် ရွှေမျက်ပါးလွှာ သင်္ကန်းတော် ကွာကျမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့က တာဝန်ယူ ပြန်လည်ကပ်လှူပူဇော်ခြင်းများ ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး (ပဏီတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းများ ကွာကျခြင်းကို မူလအတိုင်းအမြန်ဆုံးပြန်လည်ကပ်လှူပူဇော်သွားမည်
Reviewed by THITHTOOLWIN
on
08:45
Rating: