ဓါတ်ပုံ--Nyi Chay ဖေ့စ်ဘုတ် စာမျက်နှာ |
ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း ဗျိုင်းသစ်အုပ်စု ငမဲပြင်ပိုက်ဆိပ်တွင် ဧပြီလ ၁၉ ရက်နေ့ ညက သမီးယောက်ဖနှစ်ယောက် အရက်သောက်ရာမှ စကားများပြီး ယောက်ဖအရင်းကို ဓါးဖြင့်ထိုးသတ်၍ သေဆုံးသည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
သေဆုံးသူမှာ ဖဒူအလယ်ရွာမှ ဦးစံရွှေအောင်၏သား ဦးညိုမောင် ၃၅ နှစ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ ပျိုင်းသစ်ကျေးရွာမှ ဦးအောင်ကျော်သိန်း၏သား မောင်သိန်းထွန်းစိုး အသက် ၁၈ နှစ်ဖြစ်ကြောင်း ပေါက်မြို့မစခန်းမှူး ဒုရဲမှူးဘစုက အတည်ပြုပြောကြားသည်။
“ဖြစ်စဉ်ကတော့ သူတို့ သမီးယောက်ဖနှစ်ယောက်ဟာ မနက်ကတည်းက အရောက်သောက်နေကြပြီး၊ နေ့လည်မှာ ခဏလေးနားကာ ညနေဘက် ဆက်သောက်ကြတယ်လို့ သိရပါတယ်။ သေဆုံးသူ ဦးညိုမောင်ရဲ့ဇနီး ဒေါ်မလှဝင်းဟာ ည ၈ နာရီလောက်မှာ အိပ်ပျော်သွားတယ်လို့ ဆိုပါတယ်။ အရက်သောက် စကားအချက်အတင်ဖြစ်ရာကနေ ယောက်ဖအရင်းကို မောင်သိန်းထွန်းစိုးက ဓါးနဲ့ ည ၁၁ နာရီလောက်မှာ ထိုးသတ်ပြီး၊ ည ၁ နာရီကျော်လောက်မှာ ဆုံးသွာတယ်လို့ ဒေါ်မလှဝင်းက ထွက်ဆိုပါတယ်”ဟု ဒုရဲမှူးဘစုက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သေဆုံးသူ ညိုမောင်တွင် ယာဘက်နို့အုံတွင် ဓါးဖြင့် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဘယ်ဘက် လက်မောင်း၊ ဂျိုင်းအောက်၊ နောက်ကျောနံရိုးနှင့် လက်ဖမိုးတွင် တစ်ချက်စီ စုစုပေါင်း ဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။
ပြစ်မှုကျူးလွန်သူ မောင်သိန်းထွန်းစိုးကို လူသတ်မှု ပုဒ်မ ၃၀၂ အမှုအမှတ် ပ-၃၉/၂၀၁၆ ဖြင့် စွဲချက်တင်ထားပြီး တရားခံကို စုံစမ်းနေဆဲဖြစ်သည်ဟု ပေါက်တောမြို့နယ်စခန်းမှူးက ဆက်လက်ပြောကြားသည်။
ဦးညိုမောင်သည် ပေါက်တောမြို့နယ် ဖဒူအလယ်ရွာဇာတိဖြစ်ပြီး၊ ပေါက်တောမြို့နယ် ဗျိုင်းသစ်ကျေးရွာမှ ဒေါ်မလှဝင်းနှင့်အိမ်ထောင်ကျကာ ငမဲပြင်ပိုက်ဆိပ်တွင် ပိုက်ချစားနေကြခြင်းဖြစ်သည်။
သူတို့အလောင်းကို ပေါက်တောမြို့ပေါ်သို့ သယ်ယူရန် ငမဲပြင်ပိုက်ဆိပ်မှ ရွာသားများထံမှ ငွေကောက်ခံ၍ လှေငယ်တစ်စီးကို ၈ သောင်းကျပ်ဖြင့်ဝယ်ကာ၊ စက်လှေတစ်စီးကို ယောက်ခမဖြစ်သူက ၅ သောင်းကျပ်ဖြင့် ငှား၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ငမဲပြင်ပိုက်ဆိပ်တွင် အရက်ဆိုင်နှစ်ဆိုင်ရှိပြီး ညနေတိုင်း အရက်မူးကာ ဆဲဆိုသောင်းကျန်းမှုများရှိနေပြီး၊ ဖေဖေါ်ဝါရီလအတွင်းကလည်း ဓါးထိုးမှုတစ်ခုဖြစ်ခဲ့သည်ဟု ငမဲပြင်ပိုက်ဆိပ်နေ ဦးစိန်သောင်းရွှေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ဤကဲ့သို့ ဆဲဆိုမှုများ အမြဲတမ်းရှိနေပြီး၊ ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏရှိနေသောကြောင့် ပိုက်ဆိပ်နေ ရွာသားများက အရက်ဆိုင် ပိတ်ပစ်ချင်နေကြသည်ဟု သူက ဆက်လက်ပြောကြားသည်။
စံမောင်သန်း၊ ရန်ကုန်
Arakan State
https://www.facebook.com/NarinjaraNews/
ပေါက်တောမြို့နယ် ငမဲပြင်ပိုက်ဆိပ်တွင် ဓါးဖြင့်ထိုးသတ်ဖြစ်ပွား
Reviewed by THITHTOOLWIN
on
23:30
Rating: