ရီပါပလေကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Donald Trump (Credit: Reuters) |
အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ကျရင် သမ္မတ ရွေးကောက်ပွဲ ရှိမှာ ဖြစ်ပါတယ်။
အဲဒီအတွက် နိုင်ငံရေး ပါတီတွေက သူတို့ရဲ့ သမ္မတလောင်းတွေကို ရွေးချယ်တင်မြောက်နေကြပါတယ်။
ရီပါပလေကန်ပါတီမှာတော့ အခုလောလောဆယ် Donald Trump က ရှေ့ပြေးနေပြီး ဒီမိုကရက်တစ်ပါတီမှာတော့ ဟီလာရီ ကလင်တန်က ရှေ့ပြေးနေပါတယ်။
Donald Trump ရဲ့ မူဆလင်တွေအပေါ် ထားတဲ့ ပေါ်လစီ၊ မက္ကဆီကိုနဲ့ ဒုက္ခသည်တွေအပေါ် ထားတဲ့ ပေါ်လစီနဲ့ အပြောအဆို မတတ်မှုတွေကြောင့် ရီပါပလေကန် ပါတီအတွင်းက လူတွေကပဲ Donald Trump ကို သမ္မတလောင်း မဖြစ်သင့်ဘူးလို့ ပြောဆိုဝေဖန်နေကြပါတယ်။
Donald Trump ကတော့ သူဒီအဆင့်အထိ ရောက်လာတာဟာ လူတွေရဲ့ ထောက်ခံမှုကြောင့် ရောက်လာတာ ဖြစ်ပြီး သူဟာ လူသန်းပေါင်း များစွာကို ကိုယ်စားပြုသူ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒါကြောင့် သူ့ကို သမ္မတလောင်းဖြစ်ခွင့်က ပိတ်ပင်ရင်တော့ မတည်ငြိမ်မှုတွေ ဖြစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
သူ့ကို ထောက်ခံတဲ့ လူတွေဟာ အရင်တုန်းက နိုင်ငံရေး စိတ်မဝင်စားတဲ့လူတွေ၊ မဲပေးမှုမှာ မပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး အမေရိကန် နိုင်ငံရေးကို စိတ်ပျက်လွန်းလို့ မဲမပေးခဲ့ကြတာလို့ ဆိုပါတယ်။
အခုအခါမှာတော့ သူ့ကို ကြိုက်လို့ နိုင်ငံရေးကို စိတ်ဝင်စားလာပြီး မဲပေးကြမယ့်သူတွေ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
Donald Trump ဟာ သမ္မတလောင်းတွေအနေနဲ့ စကားရည်လုပွဲတွေလည်း လုပ်ရမှာ ဖြစ်ပေမယ့် တနင်္လာနေ့မှာ Fox News မှာ လုပ်မယ့် စကားနိုင်လုပွဲကို ဖျက်သိမ်းလိုက်ပါတယ်။
အရင်တုန်းကလည်း Fox News ကို မကြိုက်လို့ စကားနိုင်လုပွဲကို ဖျက်သိမ်းဖူးသလို ဒီတချီမှာလည်း စကားနိုင်လုပွဲကို အများကြီး လုပ်ပြီးသား ဖြစ်လို့ မလုပ်ချင်ဘူးလို့ ပြောဆိုနေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
သမ္မတလောင်း ဖြစ်ခွင့်ပိတ်ရင် မတည်ငြိမ်မှု ဖြစ်မယ်လို့ Trump ဆို
Reviewed by THITHTOOLWIN
on
16:02
Rating: