“၀” ထိန်းချုပ်နယ်မြေရှိ မိုင်းမော်သံဖြူသတ္တုတွင်းများ၏ တင်ပို့ မှုကြောင့် မြန်မာနိုင်ငံ ကမ္ဘာပေါ်၌ သံဖြူထုတ်လုပ်မှု တတိယ အများဆုံး ဖြစ်လာ


ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း “၀” တပ်ဖွဲ့ (UWSA) ထိန်းချုပ်နယ်မြေ တွင်းရှိ သံဖြူသတ္တုတွင်းများ၏ ထုတ်လုပ် တင်ပို့ မှုကြောင့် မြန်မာနိုင်ငံသည် နှစ်အနည်းငယ်အတွင်း ကမ္ဘာပေါ်၌ သံဖြူထုတ်လုပ်မှု တတိယမြောက် အများဆုံး နိုင်ငံ ဖြစ်လာစေသည်ဟု Resources Policy ဂျာနယ်က ထုတ်ဝေသည့် စာတမ်းတစ်ခုတွင်ဖော်ပြသည်။ စာတမ်းပြုစုသူများက ကြိုတင် မျှော်လင့်မထားသော ဖြစ်ရပ်အဖြစ် သတ်မှတ်ထားသည့် ထိုသတ္တုတွင်းကြောင့် မြန်မာနိုင်ငံ၏ သံဖြူထုတ်လုပ်မှုမှာ ၂၀၀၉ မှ ၂၀၁၄ အထိ ငါးနှစ်ကာလအတွင်း ရာခိုင်နှုန်း ငါးထောင်နီးပါး (၄၉၀၀%) အထိ မြင့်တက်ခဲ့သည်ဟု နိုင်ငံတကာ သံဖြူ သုတေသန အင်စတီကျု (ITRI) ၏ စာရင်းများတွင် ဖော်ပြသည်။


မြန်မာ့သံဖြူ ထုတ်လုပ်မှု အလွန်အမင်း မြင့်တက်လာခြင်းကို ကမ္ဘာအနှံ့ရှိ သတ္တုနှင့် ကုန်ကြမ်း ဈေးကွက် လေ့လာသူများ၊ ပညာရှင်များက ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ဘဲ ကမ္ဘာ့ ဈေးကွက်တွင် ကြီးမားသည့် ရိုက်ခတ်မှုဖြစ်ခဲ့သည်ဟု အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ နီကိုလက်ဂါဒီနာနှင့် အခြား သုံးဦးတို့ ရေးသားသည့် “မြန်မာ့ သံဖြူသတ္တုတွင်း လုပ်ငန်း၊ ထုတ်လုပ်မှုနှင့် အလားအလာ” စာတမ်းတွင် ဖော်ပြခဲ့သည်။

“၀” ဒေသတွင် သံဖြူထုတ်လုပ်ခြင်းကို ပန်ဆန်းမြို့မှ ကီလိုမီတာ ၉၀ ခန့် အကွာရှိ မန်းမော်သတ္တုမိုင်းတွင် ထုတ်လုပ်ခြင်းဖြစ်သည်။ ထိုဒေသရှိ သယံဇာတများနှင့် ပတ်သက်၌ ခိုင်မာသည့် အချက်အလက်များ နည်းပါးမှုကြောင့် မန်မော်သတ္တုမိုင်း၏ အမြင့်ဆုံး ထုတ်လုပ်နိုင်စွမ်း မှာ လေ့လာရန် ခက်ခဲသည်ဟု ဆိုသည်။

မန်မော်သတ္တုမိုင်းသည် ၁၀၀ စတုရန်းကီလိုမီတာခန့် အကျယ်ရှိပြီး ကုမ္ပဏီငယ်အချို့ လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။ မန်မော်သတ္တုမိုင်း၏ ၂၀၁၄ အတွင်း ထုတ်လုပ်မှုမှာ တန် ၃၀၀၀၀ နီးပါး ရှိသဖြင့် ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဖြစ်ခဲ့သည်။ Resources Policy ၏ စာတမ်းတွင် “မန်မော်သတ္တုမိုင်း ထွက်ပေါ်မလာချိန်အထိ ပီရူးနိုင်ငံ၌ ဆန်ရာဖေးလ်သတ္တုတွင်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး သံဖြူ သတ္တုတွင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

“၀” ဒေသတွင် သံဖြူသတ္တု Smelting ကျိုချက်သန့်စင်သည့် လုပ်ငန်းများ မရှိသဖြင့် မန်းမော် သတ္တုမိုင်းမှ ထုတ်လုပ်သမျှသတ္တုရိုင်းကို တရုတ်နိုင်ငံသို့ တင်ပို့ရသည်။ ၂၀၁၄ တွင် “၀”ဒေသမှ တရုတ်သို့ သံဖြူ သတ္တုရိုင်း ၁၇၇,၉၅၀ တန် တင်ပို့ခဲ့ပြီး တစ်နိုင်ငံလုံး တင်ပို့မှု၏ ၉၇ ရာခိုင်နှုန်း ခန့်ရှိခဲ့သည်။ သံဖြူ သတ္တုအား အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။

ITRI ၏ အစီရင်ခံစာအရ “၀” ဒေသမှ သံဖြူသတ္တုရိုင်းများ တင်သွင်းမှုကြောင့် တရုတ်နိုင်ငံသည် ၆ နှစ်အတွင်း ပထမဆုံးအဖြစ် ၂၀၁၄ တွင် သန့်စင်ပြီး သံဖြူအသားတင် တင်ပို့သူ ဖြစ်လာပြီး ကမ္ဘာ့ဈေးကွက်တွင် ကြီးမား သည့် ပြောင်းလဲမှု ဖြစ်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် သံဖြူဈေး ဆက်လက်ကျဆင်းနေမှုအပေါ် စိုးရိမ်မှုများ ရှိနေသည်။

သံဖြူဈေး ကျဆင်းစေသည့် အဓိက အကြောင်းရင်းနှစ်ခုတွင် “၀”ဒေသမှ သံဖြူများနှင့် မြန်မာနိုင်ငံ၏ သံဖြူတင်ပို့မှု မြင့်တက်လာခြင်းက အကြောင်းရင်း တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံမှ သံဖြူသတ္တုရိုင်းများ တရုတ်နိုင်ငံသို့ တင်ပို့မှု မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ၀ဒေသမှ အရည်အသွေးမြင့် သတ္တုရိုင်းများကို ဈေးသက်သာစွာဖြင့် ၀ယ်ယူကာ ပြန်လည်သန့်စင်ပြီး ကမ္ဘာ့ဈေးကွက်သို့ ပြန်လည်တင်ပို့ နိုင် သည့် အခွင့်အရေး ရရှိခဲ့သည်။

၂၀၁၄ က ထုတ်ဝေခဲ့သည့် အလားတူ အစီရင်ခံစာတွင်လည်း “၀” ဒေသ၌ သံဖြူ အများအပြား တူးဖော်နေခြင်းမှာ စိုးရိမ်ဖွယ် ဖြစ်သည်ဟု ဖော်ပြ ခဲ့သည်။ “သံဖြူဝယ်လိုအားမှာ တည်ငြိမ်လျက် ရှိသော်လည်း မြန်မာနိုင်ငံ “၀” ဒေသတွင် ထုတ်လုပ်မှု အလျင်အမြန် တိုးမြင့်လာခြင်းက ဈေးကွက် အတွက် အဓိက စိုးရိမ်ဖွယ် ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။


မိုင်းမော်သတ္တုတွင်းနှင့် ပတ်သက်ပြီး ၀ ဒေသ အစိုးရနှင့် ဗဟိုအစိုးရတို့ကြား အကျေိုးအမြတ် ခွဲဝေမှုကို အစီရင်ခံစာတွင် မဖော်ပြထားပေ။

KHTun
The Ladies News
https://www.facebook.com/News.TheLadies
“၀” ထိန်းချုပ်နယ်မြေရှိ မိုင်းမော်သံဖြူသတ္တုတွင်းများ၏ တင်ပို့ မှုကြောင့် မြန်မာနိုင်ငံ ကမ္ဘာပေါ်၌ သံဖြူထုတ်လုပ်မှု တတိယ အများဆုံး ဖြစ်လာ  “၀” ထိန်းချုပ်နယ်မြေရှိ မိုင်းမော်သံဖြူသတ္တုတွင်းများ၏ တင်ပို့ မှုကြောင့် မြန်မာနိုင်ငံ ကမ္ဘာပေါ်၌ သံဖြူထုတ်လုပ်မှု တတိယ အများဆုံး ဖြစ်လာ Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.