မလေးရှား ဝန်ကြီးချုပ် Najib Razak နဲ့ ဇနီးသည် Rosmah Mansor (Credit: AFP) |
သြစတြေးလျနိုင်ငံက ANZ ဘဏ် တစိတ်တပိုင်းပိုင်တဲ့ မလေးရှားနိုင်ငံက AmBank ထဲကို ငွေတွေ အချိန်တိုအတွင်း အများအပြား ဝင်ရောက်လာတဲ့အတွက် မလေးရှား ဝန်ကြီးချုပ်ဟာ ငွေမည်းကို ငွေဖြူ ဖြစ်အောင် လုပ်နေတာလားဆိုပြီး ဘဏ်တွေက ဂရုတစိုက် စောင့်ကြည့်လာတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဘဏ်အကောင့် ကုတ်နာမည်ကတော့ Mr X ဖြစ်ပြီး နှစ်နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ (သန်းတစ်ထောင်) လောက် ဝင်ရောက်တာကို တွေ့ရှိရတာ ဖြစ်ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ရဲ့ တစ်နှစ်စာ ဝင်ငွေက သြစတြေးလျ ဒေါ်လာ တစ်သိန်းကျော်သာ ရှိပေမယ့် မလေးရှားဝန်ကြီးချုပ်ရဲ့ ကတော် Rosmah Mansor ကတော့ ဒီဇိုင်နာ အိတ်တွေ၊ အဖိုးတန် စိန်တွေနဲ့ တခြား ဈေးများတဲ့ ဇိမ်ခံ ပစ္စည်းတွေကို ဝယ်ယူ သုံးစွဲတာကိုလည်း သတိထားမိကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇိမ်ခံ ဟိုတယ်တွေ၊ အကောင်းစား ကားတွေအတွက် ငွေတွေ သုံးခဲ့သလို နိုင်ငံရေး လုပ်ငန်းမှာလည်း သုံးစွဲခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
မလေးရှား ဝန်ကြီးချုပ်ရဲ့ ဘဏ်အကောင့်ထဲကို ငွေလွဲပေးတာက Saudi Arabia အစိုးရ ဘဏ်အကောင့်တွေ ပါဝင်သလို ဆော်ဒီ မင်းသား တစ်ယောက်နဲ့ British Virgin Island က ကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ကို ရေးသားတဲ့ ဆော်ဒီ အာရေးဗီးယား နိုင်ငံက မင်းသား တစ်ယောက်ဆီက စာထဲမှာတော့ အစ္စလာမ် ဘာသာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး လက်ဆောင်ပေးတဲ့အကြောင်း၊ လာဒ်ထိုးတာဟာ အစ္စလာမ် ဘာသာနဲ့ ဆန့်ကျင်တာကြောင့် ဒါဟာ လာဒ်ထိုးတာ မဟုတ်ပဲ လက်ဆောင်ပေးရုံသာ ဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။
ABC သတင်းဌာနရဲ့ Four Corners အစီအစဉ်က မလေးရှား ဝန်ကြီးချုပ်က အဂတိ လိုက်စားမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းကို လိုက်ရင်း မလေးရှားနိုင်ငံမှာ ခေတ္တ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကိစ္စကို စုံစမ်းနေတဲ့ ABC သတင်းဌာနက သတင်းထောက် Linton Besser နဲ့ Louie Eroglu ကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးပြီး နောက်ပိုင်းမှာ ပြည်နှင်ဒဏ် ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သတင်းထောက်တွေ ပြန်လာပြီးတဲ့နောက် မနေ့ညတုန်းကပဲ ABC ရုပ်မြင်သံကြား အစီအစဉ်မှာ မလေးရှား ဝန်ကြီးချုပ်ရဲ့ ဘဏ်ထဲ ငွေတွေ အများအပြား ရှိနေတဲ့အကြောင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
အခုလောလောဆယ် မလေးရှား အစိုးရဘက်က အေဘီစီ Four Cornor က ထုတ်လွှင့်တဲ့ State of Fear အစီအစဉ်နဲ့ ပတ်သက်ပြီး တုန့်ပြန်မှု လုပ်ထားတာ မတွေ့ရသေးပါဘူး။
Exclusive by Linton Besser, Elise Worthington and Jaya Balendra
ABC Radio Australia
http://www.radioaustralia.net.au/burmese
၂ နှစ်အတွင်း မလေး ဝန်ကြီးချုပ်ဘဏ်ထဲ ဒေါ်လာ သန်း ၁၀၀၀ ဝင်
Reviewed by THITHTOOLWIN
on
13:10
Rating: