ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပစဉ်။ Photo:Aung Moe Myint/RFA |
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
"အခု RCSSနဲ့ ဖြစ်နေတဲ့တိုက်ပွဲက လက်နက်ကိုင်ပဋိပက္ခလို့ ရိုးရိုးလေးမြင်လို့ မရတော့ဘူး၊ တဖြေးဖြေးကျယ်ပြန့်လာပြီးတော့ ဒေသခံပြည်သူတွေကြား ထဲမှာလည်း ရှမ်း၊ ပလောင်ဆိုတာတွေဖြစ်ပေါ်လာတယ်၊ နောက်တစ်ခါ ဗမာ့တပ်မတော် ကနေပြီးတော့ တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်၊ ဒါတွေက NCA ကိုအကြောင်းပြပြီး တစ်ဖက်က ကျနော်တို့ကို အမျိုးမျိုးနဲ့ ထိုးစစ်ဆင်တာတွေ၊ အချင်းချင်းကြားထဲမှာ မြှောက်ထိုးပင့်ကော်လုပ်နေတာတွေလို့ ကျနော်တို့က သုံးသက်မိတယ်လေ၊ အထူးသဖြင့် တစ်ဖက်ကငြိမ်းချမ်းရေးပြောပြီးတော့ တစ်ဖက်ကပြဿနာကိုဖော်နေ သလားပေါ့၊ ဒါတော့ တော်တော်ရုပ်ဆိုးတယ်လို့ ကျနော်တော့ထင်ပါတယ်"
UNFC အရေးပေါ်ကောင်စီရဲ့လေးရက်ကြာ အစည်းအဝေးမှာ လက်ရှိ နိုင်ငံရေး စစ်ရေးအခြေအနေတွေ၊ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ မူဝါဒရေးရာ ကိစ္စနဲ့ UNFC အဖွဲ့ရဲ့ ဌာနဆိုင်ရာ လုပ်ငန်းစဉ်တွေကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့ပြင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ကို ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးနဲ့ ပြင်ဆင် တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။
တဆက်တည်းမှာပဲ UNFC အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တဲ့ AUL ခေါ် ရက္ခိုင် အမျိုးသား အဖွဲ့ချူပ် / ရက္ခိုင့် တပ်မတော် AA အဖွဲ့ကို အဖွဲ့ဝင်အဖြစ် လက်မခံသေးဘဲ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC အဖွဲ့နဲ့ ရခိုင် အဖွဲ့အစည်းတစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းသွားဖို့ ဆန္ဒပြုခဲ့ကြပါတယ်။ နှစ်ဖွဲ့ပေါင်းစည်းနိုင်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ အဲဒီအဖွဲကို ဦးဆောင်မယ့် PSLF ဥက္ကဌ ဗိုလ်ချူပ် တာအိုက်ဘုန်း က ပြောပါတယ်။
"အခုက UNFC အဖွဲ့ဝင်ထဲမှာ တရားဝင်ဖြစ်တဲ့ ANC အဖွဲ့တော့ရှိပြီးပြီလေ၊ ANC အဖွဲ့ကပြန်လျှောက်ထားတာရှိတယ်၊ သူတို့လျှောက်ထားတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရော၊ UNFC ရဲ့ပြဌာန်းထားတဲ့ပုဒ်မတွေနဲ့ ကိုက်ညီတာလေးတွေ တော့ရှိတယ်၊ ဒါပေမယ့် စည်းလုံးညီညွတ်ရေးနဲ့ အချင်းချင်းပိုပြီးတော့ ညီညွတ်ဖို့အတွက် အဲ့ဒါကို ဒီတိုင်းလက်ခံလို့တော့မဖြစ်ဘူး၊ ဒီနှစ်ဖွဲ့ကိုပေါင်းစည်း နိုင်ဖို့အတွက် UNFC အဖွဲ့ထဲမှာ ပါဝင်မယ်ဆိုရင်တော့ UNFC လည်းခိုင်မာ မယ်၊ ညီညွတ်မှုလည်းပိုရလာမယ်၊ ဒီနှစ်ဖွဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ကိုယ်စားလှယ်တစ်ခုဖွဲ့လိုက်တာ"
အဲဒီ ကိုယ်စားလှယ်အဖွဲ့က ၃ လအတွင်း ကြားဝင်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ရရှိလာတဲ့ ရလဒ်အပေါ် UNFC က စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိလာမယ့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေဟာ UNFC အဖွဲ့အနေနဲ့ မတွေ့ဆုံလိုပဲ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့သာ တွေ့ဆုံလိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ UNFC အဖွဲ့ဝင် ကိုယ်စားလှယ်တွေက UNFC အနေနဲ့သာ လက်ခံတွေ့ဆုံကြဖို့ သဘောတူထားတဲ့ အတွက် နှစ်ဖက်တွေ့ဆုံရေး မသေချာဘဲဖြစ်နေ တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
တိုင်းရင်းသားတွေကို စစ်တပ်သွေး ခွဲနေတယ်လို့ UNFC ပြောဆို
Reviewed by THITHTOOLWIN
on
21:43
Rating: