မုဒိမ်းကျင့်တာဟာ တရားဝင်တယ်လို့ ယူဆသူ Roosh V (Credit: ABC licensed) |
Daryush Valizadeh ဒါမှမဟုတ် Roosh V လို့ လူသိများတဲ့လူဟာ Return of Kings ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး အဲဒီအဖွဲ့က မုဒိမ်းကျင့်မှုဟာ တရားဝင်တယ်လို့ ယုံကြည်တဲ့အဖွဲ့ ဖြစ်ပါတယ်။
အဲဒီလူက သြစတြေးလျနိုင်ငံက သူ့ရဲ့ နောက်လိုက်တွေနဲ့ ဒီရက်ပိုင်းမှာ တွေ့ဆုံမယ်လို့ သတင်းတွေ ရရှိလို့ လူပေါင်း ငါးသောင်းလောက်က လက်မှတ်ထိုးပြီး သူ့ကို ပြည်ဝင်ခွင့် မပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။
Roosh V ဟာ သူ့ရဲ့နောက်လိုက် လူမျိုးစုနဲ့ စနေနေ့ကြရင် ဘရစ္စဘိန်း၊ မဲလ်ဘုန်း၊ ဆစ်ဒနီနဲ့ ပတ်သ်မြို့မှာ တွေ့ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။
Return of Kings ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြချက်အရ အမျိုးသမီးတွေရဲ့ တန်ဖိုးဆိုတာ သူ့ရဲ့ အလှအပနဲ့ ကလေးမွေးနိုင်တဲ့ အပေါ် မူတည်ပြီး မုဒိမ်းကျင့်တယ်ဆိုတဲ့ ပုဂ္ဂလိကပိုင် လုပ်ရပ်အပေါ် အပြစ်ပေး အရေးယူတာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။
သြစတြေးလျနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးကတော့ အမျိုးသမီးတွေကို လေးစားခြင်း မရှိတဲ့ လူကို ပြည်ဝင်ခွင့်ပေးမှာ မဟုတ်သလို Daryush Valizadeh ဆိုတဲ့ နာမည်နဲ့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားတာ မရှိဘူးလို့ ပြောဆိုထားပါတယ်။
သြစတြေးလျ အစိုးရက အိမ်တွင်းအကြမ်းဖက်မှု လုပ်ဖူးတဲ့ နာမည်ကြီး လက်ဝှေ့သမားတချို့ကို ပြည်ဝင်ခွင့် မပေးတာမျိုး လုပ်ခဲ့ဖူးသလို အခုတခါလည်း လုပ်ဖို့ ဝင်မလေးဘူးလို့ ပြောဆိုထားပါတယ်။
အသက် ၃၆ နှစ်အရွယ် Roosh V ကတော့ သြစတြေးလျကို တနည်းနည်းနဲ့ ရောက်လာမယ်လို့ အေဘီစီကို ပြောပါတယ်။
သြစတြေးလျ ရဲတွေကလည်း စနေနေ့ကျရင် ဆစ်ဒနီမြို့မှာ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း သတင်းရထားတဲ့အတွက် စောင့်ကြည့်မှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Return of Kings အုပ်စုကတော့ ဘယ်နေရာမှာ တွေ့ဆုံမှုတွေ လုပ်မလဲ ဆိုတာကို လျို့ဝှက်ချက်အနေနဲ့ ထားရှိတဲ့အတွက် ရဲတွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မုဒိမ်းကို ထောက်ခံတဲ့ လူကို ပြည်ဝင်ခွင့်မပေးဖို့ပြော
Reviewed by THITHTOOLWIN
on
13:46
Rating: