လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်ကျခံရသူများကို သေဒဏ်မှ ပယ်ဖျက်ပေးရန် မြန်မာများ ဆန္ဒပြသည်ကို ထိုင်းသံရုံးဝန်ထမ်းများ ပျက်ရယ်ပြု


လိပ်ကျွန်းလူသတ်မှုတွင် ပြစ်ဒဏ်ချမှတ်ခံရသူများကို သေဒဏ်မှ ပယ်ဖျက်ပေးရန် ထိုင်းအစိုးရအား မြန်မာအစိုးရမှ ပြတ်ပြတ်သားသား တောင်းဆိုပေးရန် မြန်မာအမျိုးသားရေးကွန်ရက် အပါအ၀င် အမျိုးသားတက်ကြွလှုပ်ရှားသူများက ထိုင်း သံရုံးရှေ့တွင် ဆန္ဒပြမှုအား ထိုင်းသံရုံးမှဝန်ထမ်းများက ပြက်ရယ်ပြုခဲ့ကြောင်း သိရသည်။

''ကျွန်တော်က ထိုင်းအစိုးရကို ဆန္ဒ လာပြတာကို ထိုင်းသံရုံးထဲက ၀န်ထမ်းတွေ က ရယ်နေကြတယ်။ ကျွန်တော်တို့က ဟာသ လာလုပ်နေတာ မဟုတ်ဘူး။ ရင်ဘတ်ကြီးနဲ့ခံစားပြီး လာလုပ်နေတာပါ။ ဒီနေ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းဟာ ကွင်းလုံးကျွတ် လွတ်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် သေဒဏ်လို့ဆိုတဲ့ ပြစ်ဒဏ်ကြီးက ထိုင်းအစိုးရရဲ့ အတွင်းသရုပ်မှန်ကို ဖော်ပြလိုက်သလိုပဲ။ ဘယ်တော့ဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ခံဖက်ကဖြစ်နေတယ်။ အဲဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့အသက်ကို ကယ်တင်ဖို့ ထိုင်းအစိုးရအား ပြတ်ပြတ်သားသား တင်းတင်းမာမာ တောင်းဆိုပေးပါ''ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် မြန်မာအမျိုးသားကွန်ရက်မှ အတွင်းရေးမှူး ကိုနောင်တော်လေးက ပြောသည်။

ယခုကဲ့သို့ သေဒဏ်ပေးခဲ့မှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အား ထိုင်းအစိုးရအနေဖြင့် စိန်ခေါ်ခြင်းဖြစ်ပြီး မြန်မာအစိုးရမှ ပြင်းပြင်းထန်ထန် တုံ့ပြန်သင့်ကြောင်းနှင့် ယခု ပထမအကြိမ်တွင် ခေါင်းငုံ့ငြိမ်ခံမည်ဆိုပါက ထိုင်း ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၏ လူမှုဘ၀လုံခြုံမှုအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ၎င်းကဆိုသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မြန်မာအမျိုးသားရေးကွန်ရက်အပါအ၀င် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အား ၂၀ ခန့်က ဒဂုံမြို့နယ်၊ မနော်ဟရီ လမ်းပေါ်ရှိ ထိုင်းသံရုံးရှေ့တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် ရပ်နားခဲ့သည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား ထိုင်း ကော့စမွီခရိုင်တရားရုံးတွင် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ သေဒဏ်ချခဲ့မှုအပေါ်တွင် အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။


(The News Watch)

https://www.facebook.com/NewsWatchJournal

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်ကျခံရသူများကို သေဒဏ်မှ ပယ်ဖျက်ပေးရန် မြန်မာများ ဆန္ဒပြသည်ကို ထိုင်းသံရုံးဝန်ထမ်းများ ပျက်ရယ်ပြု လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်ကျခံရသူများကို သေဒဏ်မှ ပယ်ဖျက်ပေးရန် မြန်မာများ ဆန္ဒပြသည်ကို ထိုင်းသံရုံးဝန်ထမ်းများ ပျက်ရယ်ပြု Reviewed by Staff Writer on 13:11 Rating: 5
Powered by Blogger.