ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ထိုင်းနိုင်ငံ Koh Tao ကျွန်းလူသတ်မှုမှာ တရားလိုဘက်က ယုတ္တိခိုင်တဲ့ သက်သေတင်ပြနိုင်ခြင်းမရှိဘဲ သေဒဏ်စီရင်လိုက်တာဟာ တရားမျှတမှု လုံးဝမရှိဘူးလို့ ရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်နေသူ Andy Hall က ပြောကြားလိုက်ပါတယ်။ ပြစ်မှုထင်ရှားစီရင်ခံထားရသူ (၂) ဦး အယူခံမှာ လွတ်မြောက်လာလိမ့်မယ်လို့လဲ ယုံကြည်နေပါတယ်။ လူ့အခွင့်အရေးသမား Andy Hall နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု အမှုမှာ တရားလိုဘက်က ယုတ်တိတန်တဲ့ အထောက်အထား မပြနိုင်ဘူး။ နောက်တခါ ဖြောင့်ချက်ယူတုန်းကလဲ ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ပြောတယ်။ ပိုပြီးအရေးကြီးတာက DNA နဲ့လဲ မကိုက်ညီဘူးလို့ပြောတယ်။ ဒီလိုပြောရဲ့ သားနဲ့ ပြစ်မှုထင်ရှားတယ်ဆိုပြီး စီရင်လိုက်တယ်ဆိုတော့ ထိုင်းနိုင်ငံရဲ့  တရားဥပဒေဟာ အတော်လေး မေးခွန်းထုတ်စရာ ဖြစ်နေတယ်ပေါ့။
Andy Hall ။ ။ တရားခံတွေရဲ့  အကျိုးဆောင်တွေရဲ့  သဘောကတော့ တရားလိုဘက်က သူတို့ရဲ့  စွပ်စွဲချက်အတွက် သက်သေခိုင်လုံတဲ့ အထောက်အထားတွေ မပြနိုင်ပါဘူး။ စွပ်စွဲခံရသူ (၂) ယောက်၊ ပြစ်မှုကျူးလွန်ကြောင်း ယုတ်တိတန်တဲ့ အထောက်အထား မပြနိုင်ပါဘူး။ ဒါကြောင့် ဒီအမှုကို ပလပ်ရပါလိမ့်မယ်ဆိုတာ ဖြစ်ပါတယ်။ ကြားနာစစ်ဆေးတဲ့အခါမှာလဲ အထောက်အထားတွေ တင်ပြပါတယ်။ ဒါပေမဲ့ ပြစ်မှုဆိုင်ရာ အထောက်အထား၊ မှုခင်း ဆေးပညာအရ သဲလွန်စတွေ ရှာဖွေပေးတဲ့နေရာမှာ ညံ့ဖျင်းအားနည်းချက်တွေ ရှိနေပါတယ်။ ဒါဟာ ခိုင်လုံစိတ်ချရမှု မရှိပါဘူး။ နောက်တခါ DNA စစ်ဆေးရာမှာလဲ နည်းလမ်းမကျပါဘူး။ နောက်တခုက နှိပ်စက်ညှဉ်းဆဲတယ်ဆိုတာတွေပါ။ ဒီပြဿနာတွေအားလုံးကို ကျနော်တို့ ဖော်ထုတ်ရပါတယ်။ နောက်ပြီး CCTV ထဲမှာ တွေ့ရတာကလဲ၊ ဝေဖြိုး မဟုတ်ပါဘူး။ ဗြိတိန်အစိုးရနဲ့ ထိုင်းအစိုးရတို့ရဲ့  အလောင်းခွဲစိတ် စစ်ဆေးမှုတွေမှာလဲ ကွဲလွဲချက်တွေ ရှိနေပါတယ်။ ဒီလို သံသယ ဖြစ်စရာတွေ၊ အငြင်းပွားစရာတွေ အများကြီးပါ။ ဒါကို တရားသူကြီးတွေက ပြစ်မှုထင်ရှား စီရင်လိုက်ပါတယ်။ သေဒဏ်ချမှတ်လိုက်ပါတယ်ဆိုတော့ ကျနော်တို့ သဘောမတူပါဘူး။ လုံးဝကန့်ကွက်ပါတယ်။ ဒါကြောင့် ကျနော်တို့ အယူခံဝင်ပါမယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ထိုင်းနိုင်ငံရဲ့  တရားစီရင်ရေးမှာ ဒီလိုပဲ မကြာခဏ ဖြစ်နေတာပဲလား။
Andy Hall ။ ။ အကုန်လုံကို အဲဒီလို ခြုံပြီးတော့ ပြောလို့မရနိုင်ပါဘူး။ ကျနော်တို့ တရားရုံးရဲ့  ဆုံးဖြတ်ချက်ဆိုတာကို လေးစားပါတယ်။ ထိုင်းတရားရုံးရဲ့  ဆုံးဖြတ်ချက်ကိုလည်း လေးစားပါတယ်။ ဒါပေမဲ့ ကျနော်တို့က သဘောမတူနိုင်ပါဘူး။ ဒါကြောင့် အယူခံတက်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့  တရားစီရင်ရေးအပေါ် သဘောထားတစုံတရာ ကြေညာစရာ မဟုတ်ပါဘူး။ ကျန်နိုင်ငံတွေရဲ့  တရားစီရင်ရေးစနစ်လိုပါပဲ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီနေရာမှာ မြန်မာရွှေ့ ပြောင်းလုပ်သားတွေအပေါ်မှာ အပြင်းအထန် ခွဲခြားဆက်ဆံမှု ရှိနေတယ်လို့ လူတိုင်းပြောကြပါတယ်။ Discrimination အများကြီး ရှိတယ်ပေါ့။ ဒီလို အထောက်အထား မခိုင်လုံဘဲ ပြစ်ဒဏ်ချမှတ်တဲ့ကိစ္စဟာ မြန်မာရွှေ့ ပြောင်းလုပ်သားတွေမို့ ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ကိစ္စနဲ့ ဆက်စပ်နေပါလား။
Andy Hall ။ ။ ထိုင်းမှာရောက်နေတဲ့ ရွှေ့ ပြောင်းလုပ်သားတွေအဖို့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ အဓိက ပြဿနာတရပ်ကတော့ စကားပြန် ပြဿနာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့အခါမှာ၊ စစ်ဆေးမေးမြန်းတဲ့အခါမှာ၊ တရားစွဲဆိုခံရတဲ့အခါမှာ၊ တရားခွင်မှာ လုံလောက်ကောင်းမွန်တဲ့ ဘာသာပြန်ဆိုမှု မရှိပါဘူး။ ဒီအမှုမှာလဲ အလားတူပါပဲ။ ရဲဘက်က စကားပြန်နှစ်ယောက် သုံးပါတယ်။ ဘာသာစကား သိပ်အားနည်းပါတယ်။ ဒါကို ကျနော်တို့ တရားရုံးမှာ တွေ့ရပါတယ်။ သူတို့ ထိုင်းစကားတောင် ကောင်းကောင်းနားမလည်ပါဘူး။ ဒါက အဓိက ပြဿနာပါ။ နောက်ပြဿနာတရပ်ကတော့ ရွှေ့ ပြောင်းအလုပ်သမားတွေအနေနဲ့ ရှေ့ နေရှေ့ ရပ်ကောင်းကောင်း မရနိုင်ကြပါဘူး။ တရားဥပဒေအရ ခုခံကာကွယ်မယ့် အလုံအလောက်ရဖို့အတွက် အခက်အခဲတွေ ရှိပါတယ်။ တရားဥပဒေဆိုင်ရာ ပြဿနာက ထိုင်းနိုင်ငံမှာ ကြီးမားတဲ့ ပြဿနာတရပ်ပါ။ ရွှေ့ ပြောင်းအလုပ်သမားတွေသာမက ကျန်လူတော်တော်များများမှာလဲ ရှေ့ နေတွေရဲ့  မူဝါဒနဲ့ ဆန့်ကျင်ပြီးတော့ ခေါင်းပုံဖြတ်ခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအမှုမှာတော့ ဇော်ဇော် နဲ့ ဝေဖြိုးတို့ဟာ တခြားရွှေ့ ပြောင်းအလုပ်သမားတွေထက်စာရင် တရားဥပဒေကြောင်းအရ ခုခံကာကွယ်မှု အများကြီးရရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ခင်များ မေးသလို ရွှေ့ ပြောင်းအလုပ်သမားတွေကို ခွဲခြားဆက်ဆံခံရသလားဆိုတဲ့ နေရာမှာတော့ ဘာသာပြန်ကိစ္စနဲ့ ဥပဒေအကြောင်းအရ လုံလောက်တဲ့ ခုခံချေပခွင့် မရရှိနိုင်တာအပါအဝင် တရားဥပဒေ စိုးမိုးမှု အားနည်းတာလဲ ပါဝင်ပါတယ်။ ရဲတပ်ဖွဲ့လို့ တရားဥပဒေ အကောင်အထည်ဖော်ရတဲ့လူတွေ ထင်သလို လုပ်နေကြတာပါ။ ရွှေ့ ပြောင်းအလုပ်သမားတွေဆိုရင် မကြာခဏ ခြိမ်းခြောက်ငွေတောင်းခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေ ထိုင်းနိုင်ငံတဝှမ်းမှာ ရှိနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီအဖြေနဲ့ ပတ်သက်ပြီးတော့ ကျနော် အချက် (၂) ချက် မေးစရာ ရှိပါတယ်။ ပထမအချက် (၁) ချက်ကို မေးရမယ်ဆိုရင် အရည်အချင်းမပြည့်မီတဲ့ စကားပြန်ကို ထိုင်းရဲတွေက ရွေးချယ်တာလား။ ဆိုတော့ ဘာကြောင့် ဒီလူတွေဟာ ထိုင်းစကားကျွမ်းကျင်သူတွေ အမြောက်အမြား ရှိပါတယ် ထိုင်းနိုင်ငံမှာ။ မြန်မာတွေထဲက ရှိတယ်။ အထူးသဖြင့် ကရင်တိုင်းရင်းသားတွေ၊ မွန်တိုင်းရင်းသားတွေ အများအပြား ရှိပါတယ်။ ဘာကြောင့် ဒီလို အရည်အချင်းမပြည့်မီတဲ့၊ မကျွမ်းကျင်တဲ့ စကားပြန်တွေကို ရွေးရတယ်လို့ ထင်ပါလဲ။ ဒါက တမင်များ ရွေးသလား။
Andy Hall ။ ။ ဒါကို ကျနော်တို့ မသိပါဘူး။ တကယ်တော့ ခိုင်လုံစိတ်ချရတဲ့ ဘာသာပြန် ရှိနေဖို့၊ ပံ့ပိုးပေးဖို့ဆိုတာ ရဲဘက်က တာဝန်ပါ။ ဒါပေမဲ့ အဲဒီအမှုမှာ သူတို့က အဲဒီလို လုပ်မပေးပါဘူး။ အခု စကားပြန်နှစ်ယောက်ဟာ အရည်အချင်း လုံးဝညံ့ဖျင်းနေတယ်ဆိုတာ သိပ်ကိုထင်ရှားပါတယ်။ နောက်ပြီးတော့ စကားပြန်တွေ ရွေးချယ်တဲ့နေရာမှာလဲ စွပ်စွဲခံရတဲ့ နှစ်ဦးနဲ့ မတူကွဲပြားတဲ့၊ ဘာသာတရား မတူညီတဲ့သူတွေကို သိသိကြီးနဲ့ ရွေးချယ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ တင်းမာမှုတွေ ပိုပြီးတော့ ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာ ရဲတွေရဲ့  ဆုံးဖြတ်ချက်ဟာ လက်မခံနိုင်စရာပါ။ ဒီလို လုပ်ခဲ့တဲ့အတွက် စွပ်စွဲခံရသူ နှစ်ဦးအဖို့ အမှုစုံစမ်းစစ်ဆေးခံရတဲ့ ကာလမှာလဲ မှန်မှန်ကန်ကန် ကိုယ်စားပြုခြင်း မခံခဲ့ရဘူးဆိုတာ သေချာပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေ အထူးသဖြင့် စွပ်စွဲခံရသူ နှစ်ဦးအတွက် လုံလောက်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးခဲ့တယ်လို့ ထင်ပါသလား။ တကယ်တော့ သံရုံးဆိုတာ၊ ကောင်စစ်ဌာနဆိုတာ တခြားမြေမှာ ရောက်ရှိနေတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့  အကျိုးကို ကာကွယ်ဆောင်ရွက်ပေးရတဲ့ အဖွဲ့အစည်းတွေပါ။
Andy Hall ။ ။ မရှိဘူးဗျ။ သံရုံးကိုယ်နှိုက်ကလဲ ဒီရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  အရေးကိစ္စမှာ ကူညီပံ့ပိုးပေးတယ်ဆိုတာ သိပ်ပြီးနည်းပါးပါတယ်။ ဒါတွေမကပါဘူး သံရုံးမှာ ခြစားမှုတွေကလဲ ပြင်းထန်ပါတယ်။ ဒါတွေကို ထိုင်းမှာရှိတဲ့ သံရုံး၊ မလေးရှားမှာရှိတဲ့ သံရုံးတွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ရွှေ့ ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ အကွက်ကျကျ အဂတိလိုက်စားတာတွေ၊ ငွေညစ်တောင်းခံတာတွေကို အလုပ်ရှာဖွေရေးအဖွဲ့တွေ၊ ပွဲစားတွေနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေကြပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီးပါ။ ဇော်ဇော် နဲ့ ဝေဖြိုးတို့ကို အကူအညီပေးရတဲ့ မြန်မာအစိုးရအပေါ်လဲ မေးခွန်းထုတ်စရာတွေ အများကြီးပါ။ အခု သူတို့ ပြစ်ဒဏ်ကျခံပြီးမှ ဒီအပေါ်မှာ လူတွေ မကျေနပ်သံတွေ ထွက်ပေါ်လာတာပါ။ နောက်ကျနေပါပြီ။
ဦးကျော်ဇံသာ ။ ။ ဒီအမှု အထူးသဖြင့် သေဒဏ်စီရင်ချက်ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဘယ်လောက်အထိ ထိခိုက်မှု ရှိပါလဲ။
Andy Hall ။ ။ ဒီအမှုကို ဘယ်လို ကိုင်တွယ်ခဲ့ကြသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒီတရားရုံး ဆုံးဖြတ်ချက်ကြောင့် ရွှေ့ ပြောင်းအလုပ်သမားတွေနဲ့တကွ မြန်မာပြည်သူအများစု အထူးစိတ်ထိခိုက်ကြပါတယ်။ အခု ပြစ်ဒဏ်စီရင်ခံရသူ နှစ်ဦးဟာ စွဲဆိုချက်အတိုင်း ပြစ်မှုကျူးလွန်သူတွေ အစစ်အမှန် မဟုတ်ပါဘူး။ ထိုးကျွေးခံရသူတွေသာ ဖြစ်တယ်လို့ အားလုံးက ယူဆနေပါတယ်။ ကျနော့်အနေနဲ့ကတော့ သူတို့ အပြစ်မဲ့လား။ အပြစ်ရှိသလားဆိုတာကို မပြောလိုပါဘူး။ တရားမျှတတဲ့ စီရင်စစ်ဆေးမှုမျိုးပဲ ရစေချင်တာပါ။ သူတို့နှစ်ယောက်ဟာ မျှတတဲ့ တရားစီရင်မှု လုံးဝမရရှိခဲ့ပါဘူး။ တရားလိုဘက်က ဒီလူနှစ်ဦး ပြစ်မှုကျူးလွန်တယ်ဆိုတာ ခိုင်လုံတဲ့၊ သံသယရှင်းတဲ့ သက်သေအထောက်အထား မတင်ပြနိုင်ခဲ့ကြပါဘူး။ ဆိုတော့ သူတို့ကို တရားသေ လွှတ်ပေးရမှာပါ။ ဒီလို မမျှတမှုတွေ ထိုင်းနိုင်ငံမှာ တကယ်ဖြစ်နေတဲ့ ပြဿနာပါ။ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြောရရင်တော့ ဒါဟာ အရေးကြီးတဲ့ ပြဿနာတရပ် ဖြစ်လာခဲ့ပါပြီ။ ဒီအမှုကို တရားဥပဒေ စိုးမိုးမှု အပြည့်အဝနဲ့ ကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်။ တရားစီရင်ရေး၊ တရားမျှတမှုသက်သက်နဲ့ ရှင်းပြရပါမယ်။ ဒါဟာ နိုင်ငံရေးအရ၊ အမျိုးသားရေးအရ ဖြေရှင်းရမယ့် ပြဿနာတရပ် မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ တကယ်လို့သာ စွပ်စွဲခံရတဲ့ နှစ်ယောက်ဟာ မြန်မာတွေမဟုတ်ဘဲ အမေရိကန်၊ ဂျပန်၊ တရုတ် ဒါမှမဟုတ် ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး သိပ်ကောင်းတဲ့ နိုင်ငံတနိုင်ငံ၊ ထိုင်းနိုင်ငံက လေးစားအားကိုးရတဲ့ နိုင်ငံတနိုင်ငံရဲ့  နိုင်ငံသားတွေ ဖြစ်ခဲ့ရင်ကော အခုလို စီရင်ဆုံးဖြတ်လိမ့်မယ်လို့ ထင်ပါလား။
Andy Hall ။ ။ ကျနော့်အနေနဲ့ကတော့ ဒီအမှုကို အမျိုးသားရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ဘာသာရေးနဲ့သော်လည်းကောင်း ဆက်စပ်ပြီးတော့ မကြည့်လို့ပါဘူး။ အဲဒီ ရှုထောင့်တွေကို ကျနော် မဝေဖန်လိုပါဘူး။ ကျနော်တို့က ဒီအမှုမှာ မမျှတဘူး။ ဒါကြောင့် အယူခံတက်မယ်။ စွပ်စွဲခံ အကျိုးဆောင်အဖွဲ့ကလဲ ဒီအတွက် စိတ်အားထက်သန်နေကြပါတယ်။ အယူခံရုံးကို တက်မယ်။ မရရင် တရားရုံးချုပ်ကို တက်မယ်။ အဲဒီကြရင် သူတို့ လွတ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အခု သူတို့ကို ထိန်းချုပ်ထားပုံကလဲ သိပ်ကြမ်းကြုတ်ပါတယ်။ (၂၄) နာရီလုံးလုံး ခြေချင်းခတ်ထားတယ်။ တိုက်ပိတ်ထားတယ်။ သေဒဏ်ကျစာရင်းမှာပါပြီးတော့ လုံခြုံရေးအထူး တင်းကြပ်ထားပါတယ်။ အခြေအနေ ဆိုးဝါးလှတဲ့ ထိုင်းအကျဉ်းထောင်မှာ ကြံ့ကြံ့ခိုင်နိုင်ဖို့ဆိုတာ လိုအပ်ပါတယ်။ အယူခံပြီးရင် သူတို့ လွတ်မှာပါ။
ဦးကျော်ဇံသာ ။ ။ ထိုင်းအယူခံ တရားရုံးကိုတော့ လုံးဝခိုင်လုံစိတ်ချရတယ်လို့ Andy တို့အနေနဲ့ လက်ခံတယ်ပေါ့။ အယုံအကြည်ရှိတယ်ဆိုတဲ့ သဘောပေါ့။
Andy Hall ။ ။ ထိုင်းနိုင်ငံရဲ့  တရားစီရင်ရေးစနစ်ကို ကျနော်တို့ လေးစားပါတယ်။ တရားဥပဒေ စိုးမိုးမှုနဲ့အညီ လုပ်လာမယ်လို့ တရားရုံးအပေါ် ကျနော်တို့ ယုံကြည်ပါတယ်။ အယူခံတရားရုံးဟာ အမှုရဲ့  အချက်အလက်ပိုင်းဆိုင်ရာ၊ ဥပဒေမူဝါဒပိုင်းဆိုင်ရာတွေကို စဉ်းစားစစ်ဆေးမှာပါ။ ပြစ်မှုထင်ရှားတယ်ဆိုတာ အစိုးရ ရှေ့ နေတွေ၊ တရားလို အကျိုးဆောင်တွေဘက်က သံသယကင်းရှင်းအောင် သက်သေမပြနိုင်ကြပါဘူး။ ဒါကြောင့် အယူခံတဲ့အခါမှာ လွတ်မယ်လို့ အခိုင်အမာ ယုံကြည်နေကြတာပါ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာပြည်သူတွေ၊ တခါ ပြည်ပရောက်နေတဲ့ မြန်မာတွေ ထိုင်းသံရုံးတွေရှေ့  သွားရောက်ပြီးတော့ ဒီ တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြနေကြတာ တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေဟာ တစုံတရာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ Andy ထင်ပါလား။
Andy Hall ။ ။ လူထုအနေနဲ့ စွပ်စွဲခံရသူ နှစ်ဦးမှာ အပြစ်မရှိဘူး။ တမင် ထိုးကျွေးပြစ်ဒဏ်ခံရတာလို့ ယုံကြည်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ လုပ်သင့်ပါတယ်။ ဒါပေမဲ့ ကျနော့်အဖို့ ဒီအမှုကို နီးနီးကပ်ကပ် စောင့်ကြည့်နေသူ တဦးအဖို့ကတော့ အပြစ်ရှိမရှိဆိုတာ မပြောလိုပါဘူး။ တရားရုံးရှေ့ မှောက်မှာ အချက်အလက်ဆိုင်ရာတွေကို ပြောချင်ပါတယ်။ ခိုင်လုံတဲ့ သက်သေခံနဲ့ သံသယကင်းအောင် ပြသနိုင်မှ အပြစ်ရှိနိုင်ပါတယ်။ မပြသနိုင်သမျှ အပြစ်မရှိပါဘူး။ ဆိုတော့ ဆန္ဒပြသူတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်ဆိုတာ မှန်ကန်တဲ့ အလုပ်ပါ။ ဒါပေမဲ့ ဒီဆန္ဒပြမှုတွေဟာ ထိုင်းတရားရေး စီရင်မှုအပေါ် အကျိုးသက်ရောက်မှု ရှိပါ့မလား။ ကျနော် မသိပါဘူး။ နိုင်ငံရေးအရ အကျိုးသက်ရောက်နိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်တာကတော့ သေဆုံးသွားရတဲ့ လူနှစ်ဦးဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်လို့၊ ဗြိတိန်အစိုးရကို ကျေနပ်အောင် ဒီလူငယ်နှစ်ဦးကို ထိုးကျွေးလိုက်တယ်ဆိုရင် မှန်ပါသလား။
Andy Hall ။ ။ ဗြိတိန်အစိုးရနဲံ့ သေဆုံးသူ နှစ်ဦးရဲ့  မိသားစုကပါ ဒီအမှုအတွက် အပြစ်မရှိသူတွေကို အပြစ်ဖို့ပြီးတော့ စီရင်တာမျိုး လိုလားကြမှာ မဟုတ်ပါဘူး။ မြန်မာဖြစ်ဖြစ်၊ ထိုင်းဖြစ်ဖြစ်၊ တခြားဘယ်လူမျိုးဖြစ်ဖြစ်ပါ ။ အခုအချိန်အထိ ပြစ်မှု အမှန်တကယ် ကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာ ဘယ်သူမှ မသိနိုင်သေးပါဘူး။ မူခင်း ဖြစ်ပွားတဲ့နေ့က အဲဒီနေရာကို ကျနော်တို့လည်း ရောက်သွားပါတယ်။ ကမ်းခြေမှာ ဘာမှ မတွေ့ရပါဘူး။ ဒါကြောင့် သူတို့ဟာ တမင်ထိုးကျွေခံရတာလဲ ဖြစ်နိုင်ပါတယ်။ တရားလိုဘက်ကလည်း သက်သေအလုံအလျောက် မပြနိုင်ပါဘူး။
ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
သက်သေမခိုင်လုံတဲ့ သေဒဏ်စီရင်မှု ဥပဒေနဲ့မညီ
Reviewed by THITHTOOLWIN
on
23:21
Rating: