ရုရှားက အီဘိုလာရောဂါပျောက်ဆေး လူသားများတွင်အောင်မြင်စွာစမ်းသပ်


မော်စကို ၊ ၂၄-၁၂-၂ဝ၁၅

ရုရှားနိုင်ငံက အီဘိုလာရောဂါ ပျောက်ဆေးကို တီထွင်စမ်းသပ်မှုများ လုပ်ဆောင်လျက် ရှိရာ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ကြောင်း ရုရှားဒုတိယ ဝန်ကြီးချုပ် အိုလ်ဂါဂိုလိုဒက်စ် က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြား ထားကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အီဘိုလာရောဂါ ပျောက်ဆေးအား လူသားများတွင် စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဂိုလိုဒက်စ် ကဆက်လက် ပြောကြားထားသည်။ ယင်းဆေး ကို စေတနာ့ဝန်ထမ်း ၂ဝဝ ဦးတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ဘေးထွက်ဆိုးကျိုး အနည်းဆုံးနှင့် ကောင်းမွန်သော တုံ့ပြန်မှုကို ရရှိထားကြောင်း ရုရှား ကျန်းမာရေး ဝန်ကြီးဌာန က အောက်တိုဘာလတွင် ပြောကြား ထားသည်။

အီဘိုလာရောဂါပိုး သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် ဂီနီနိုင်ငံမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လိုက်ဘေးရီးယား နှင့် ဆီယာရာလီယွန် နိုင်ငံတို့သို့ ထပ်မံကူးစက်ကာ ယင်း ရောဂါပိုး ကူးစက်ခံရမှုကြောင့် လူပေါင်း ၁၁ဝဝဝ ကျော် သေဆုံးခဲ့သည်။ ထို့နောက် လိုက်ဘေးရီးယား နိုင်ငံသည် နောက်ဆုံး အီဘိုလာရောဂါပိုး ကင်းစင်သောနိုင်ငံ အဖြစ် အောက်တိုဘာလ တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

ရုရှားအစိုးရသည် ဂီနီနိုင်ငံနှင့် ပူးပေါင်းကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို သင်ကြား လေ့ကျင့်မှုများ ပေးရန်အတွက် သုတေသန လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၇ သန်းသုံးစွဲသွားမည် ဖြစ်ကြောင်း ကတိပြုထား ခဲ့သည်ဟု သိရသည်။


(PyiChitThar)

http://www.pyichitthar.com/
ရုရှားက အီဘိုလာရောဂါပျောက်ဆေး လူသားများတွင်အောင်မြင်စွာစမ်းသပ် ရုရှားက အီဘိုလာရောဂါပျောက်ဆေး လူသားများတွင်အောင်မြင်စွာစမ်းသပ် Reviewed by Staff Writer on 14:10 Rating: 5
Powered by Blogger.