တပ်ချုပ်ဝတ်စုံကို ထဘီနှင့် နှိုင်းယှဉ်ရေးသားသူ မချောစန္ဒီထွန်းကို ထောင်ဒဏ်ခြောက်လချမှတ်




ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အရ တရားစွဲဆိုခံထားရသည့် မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ဒီဇင်ဘာ ၂၈ ရက်က အပြီးသတ်အမိန့်ချမှတ်ရာ ထောင်ဒဏ် ခြောက်လကျခံစေခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် The Ladies သို့ပြောသည်။

“မချောစန္ဒီထွန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ အရ ထောင်ဒဏ်ခြောက်လ ချမှတ်ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုတယ်။ကျန်တဲ့ရက်က သုံးလကျော်ကျော် ပဲကျန်တော့ အယူခံဝင်မယ်ဆို ခရိုင်တက်ရတာတွေဘာတွေနဲ့ဆိုတော့ သူ့မိသားစုဝင်တွေ ဘယ်လိုဆက်လုပ်ချင်လဲ ဆိုတာမေးရပါဦးမယ်”ဟု ဦးရောဘတ်စန်းအောင်က The Ladies သို့ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝတ်ဆင်ထားသော ယူနီဖောင်း သည် ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ထားသည့် ထဘီအရောင်နှင့် ဆင်တူသည်ဟု လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင်း မချောစန္ဒီထွန်းကိုတပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီးအရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ထင်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech(EC)ဖြင့် ဘွဲ့ရထားသူမချောစန္ဒီထွန်းသည်မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်းတွင်လိုက်ပါ၍အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင်ကျောင်းသားသမဂ္ဂမှနုတ်ထွက်၍ မအူပင်မြို့နယ် NLDပါတီသို့ဝင်ရောက်ကာ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူဖြစ်ကြောင်းသိရသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/
တပ်ချုပ်ဝတ်စုံကို ထဘီနှင့် နှိုင်းယှဉ်ရေးသားသူ မချောစန္ဒီထွန်းကို ထောင်ဒဏ်ခြောက်လချမှတ် တပ်ချုပ်ဝတ်စုံကို ထဘီနှင့် နှိုင်းယှဉ်ရေးသားသူ မချောစန္ဒီထွန်းကို ထောင်ဒဏ်ခြောက်လချမှတ် Reviewed by Staff Writer on 15:32 Rating: 5
Powered by Blogger.